Home
ဆောင်းပါး
နွေဦးတော်လှန်ရေးနှင့် ၂၀၂၁ တနှစ်တာ ထူးခြားထင်ရှား ပြည်သူ့ကြယ်ပွင့်များ
DVB
·
December 31, 2021

နှစ်တနှစ် ကုန်ဆုံးတော့မယ့်အချိန် တကမ္ဘာလုံးမှာတော့ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ထိခိုက်ဆုံးရှုံးရမှုတွေကို အဖြေရှာ သုံးသပ်၊ အားယူပြန်ထနိုင်ဖို့ ကြိုးစားနေကြချိန်မှာ မြန်မာနိုင်ငံမှာတော့ ၂၀၂၁ ခုနှစ်ဟာ စစ်အာဏာသိမ်းမှုနဲ့အတူ တပူပေါ် နှစ်ပူဆင့်တဲ့ အခက်အခဲ အကျပ်အတည်းတွေကြားက ဖြတ်သန်းခဲ့ရတဲ့ နှစ်တနှစ်ဖြစ်ခဲ့ရပါတယ်။

ကပ်ဘေး၊ စစ်ဘေးတွေနဲ့ အဆိုးဝါးဆုံး အခြေအနေအောက်မှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ အနုပညာ၊ အားကစားစတဲ့ ကဏ္ဍအသီးသီးမှာ တနှစ်တာအတွင်း ထူးခြားထင်ရှားသူ မြန်မာပြည်သား ၁၂ ဦးကို ဒီဗွီဘီ က ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ တကယ်တော့ စစ်အာဏာရှင်ဆန့်ကျင်တဲ့  နွေဦးတော်လှန်ရေးမှာ မြန်မာပြည်သူ တစ်ရပ်လုံးဟာ သူရဲကောင်းတွေဖြစ်ကြပြီး နယ်ပယ်အသီးသီးမှာ အသက်နဲ့ ဘဝတွေကို ပေးဆပ်ခဲ့ကြသူတွေအားလုံးကိုလည်း  ဒီဗွီဘီက လေးစားဂုဏ်ပြု မှတ်တမ်းတင်အပ်ပါတယ်။ 

ဦးကျော်မိုးထွန်း(ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်- မြန်မာအသံအမတ်ကြီး)

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ လက်သုံးချောင်းထောင်ပုံရိပ်နဲ့အတူ  ပြည်တွင်းမှာရော၊ နိုင်ငံတကာ စာမျက်နှာတွေပေါ် ထင်ရှားခဲ့ သူကတော့ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်- မြန်မာအသံအမတ်ကြီး ဦးကျော်မိုးထွန်း ပဲ ဖြစ်ပါတယ်။ အသက် ၅၂ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဦးကျော်မိုးထွန်းဟာ အာဏာသိမ်း ပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၂၆ ရက်မှာ နယူးယောက်မြို့က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အာဏာသိမ်းစစ်ကောင်စီကို ပြတ်ပြတ်သားသားဆန့်ကျင်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူကရွေးချယ်ထားတဲ့ အစိုးရအတွက် ကိုယ်စားပြု ပြောဆိုခဲ့သူ ပြည်သူနဲ့ တသားတည်းရပ်တည်ခဲ့သူ ဖြစ်ပါတယ်။ 

စစ်ကောင်စီက သူ့ကို နိုင်ငံအပေါ်  သစ္စာဖောက်မှုနဲ့ ရာထူးကနေ ထုတ်ပယ်ကြောင်း အာဏာသိမ်းစစ်ကောင်စီက ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ကုလသမဂ္ဂအနေနဲ့ စစ်ကောင်စီကို မြန်မာနိုင်ငံအစိုးရသစ်အဖြစ် အသိအမှတ်မပြုဘဲ ဦးကျော်မိုးထွန်းဟာ မြန်မာနိုင်ငံသံအမတ်အဖြစ် ဆက်လက်ရှိနေကြောင်း သတ်မှတ်ထားတာဖြစ်ပါတယ်။

လတ်တလောမှာတော့ ဦးကျော်မိုးထွန်းဟာ ရွေးကောက်ပွဲအနိုင်ရ NLD အစိုးရ လွှတ် တော်ကိုယ်စားလှယ်တွေ၊  တိုင်းရင်းသားလူနည်းစု ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ(NUG)ကို ကိုယ်စားပြုနေပြီး မြန်မာ့ဒီမိုကရေစီအရေးအတွက် ဆက်လက်ပြီးတော့ ပါဝင်နေတာ ဖြစ်ပါတယ်။

ဒေါက်တာဆာဆာ(NUG အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး)

နောက်ထပ် ရွေးချယ်ဖော်ပြပေးမယ့်သူကတော့ ချင်းအမျိုးသား ပရဟိတ ဆရာဝန်တ ယောက်လည်းဖြစ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီရဲ့ ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန်တယောက်ဖြစ်တဲ့ ဒေါက်တာဆာဆာပဲ ဖြစ်ပါတယ်။

ချင်းတောင်မှာ ဆင်းရဲချို့တဲ့တဲ့ မိဘ ၂ ပါးက မွေးဖွားခဲ့တဲ့ ဒေါက်တာ ဆာဆာဟာ ၂၀၀၈ ခုနှစ်မှာ ဆရာဝန်ဘွဲ့ရရှိခဲ့ပြီး Health and Hope အဖွဲ့ကို တည်ထောင်ခဲ့ကာ ချင်း ပြည်နယ်တောင်ပိုင်းအတွက် စားနပ်ရိက္ခာထောက်ပံ့ရေးလုပ်ငန်း၊ ကျန်းမာရေးလုပ်ငန်း တွေနဲ့ ထောက်ပံ့ရေးလုပ်ငန်းတွေကို  လုပ်ဆောင်ခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ချင်း ပြည်နယ်အောင်နိုင်ရေးအဖွဲ့မှာ ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် ဖေဖော်ဝါရီ ၁ ရက်နေ့မနက် အာ ဏာသိမ်းမခံရမီအချိန်အထိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရှိနေခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံရချိန်မှာ တက္ကစီသမားအယောင်ဆောင်ကာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာတော့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက သူ့ကို ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ မတ် ၄ ရက်နေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးဆီ အာဏာသိမ်းစစ်ကောင်စီကို အရေးယူပေးဖို့ (Responsibility to Protect - R2P)ခေါ်ယူရေးအပါအဝင် အချက် ၄ ချက် ပါ စာကို ပေးပို့ခဲ့သလို လက်ရှိအချိန်ထိလည်း စစ်အာဏာရှင်ဆန်ကျင်ရေးလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်နေဆဲ ဖြစ်ပါတယ်။

အိသဉ္ဇာမောင်(NUG အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဒု၀န်ကြီး)

အမျိုးသားညီညွတ်ရေး အစိုးရ(NUG)မှာ အသက်ငယ်ငယ်နဲ့ ရာထူးကြီးကြီး ယူထားရတဲ့ အိသဉ္ဇာမောင်ကိုတော့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ လူငယ်အမျိုးသမီးတယောက် အနေနဲ့ နွေဦးတော်လှန်ရေးမှာ အားလုံးက အသိအမှတ်ပြုခဲ့ကြရသူပါ။

လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်က လက်ပံတန်းမြို့နယ်မှာ ၂၀၁၄ မြန်မာနိုင်ငံ ပညာရေးဥပဒေကို ပြင် ဆင်ဖို့ ဆန္ဒပြခဲ့ရာမှာ ရဲတပ်ဖွဲ့ရဲ့ ဖြိုခွဲဖမ်းဆီးခြင်းခံခဲ့ပြီး သာယာဝတီအကျဉ်းထောင်မှာ ကျခံခဲ့ရပါတယ်။

အိသဉ္ဇာမောင်ဟာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီဝင်တယောက်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာတော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာကို ပန်းဘဲတန်းမြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့ပါတယ်။

လက်ရှိမှာတော့ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူ ငယ်ရေးရာ ဒု၀န်ကြီးအနေနဲ့ ဆက်လက်တိုက်ပွဲဝင်နေဆဲဖြစ်ကာ သူဟာ ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းရဲ့ ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းမှာလည်း ရွေးချယ်ဖော်ပြခံ ထားရပါတယ်။

ဒေါက်တာ တေဇာဆန်း (နွေဦးတော်လှန်ရေး မန္တလေးသပိတ်ခေါင်းဆောင်)

အထက်မြန်မာနိုင်ငံ၊ မန္တလေးမြို့ရဲ့ နွေဦးတော်လှန်ရေးသပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာဆန်းကိုလည်း ဒီစာရင်းထဲမှာ ချန်လှပ်ထားခဲ့လို့ မရပါဘူး။

သူဟာ မန္တလေးဆေးတက္ကသိုလ်က ဆရာဝန်ဘွဲ့ရရှိခဲ့ပြီးနောက် စာကြည့်တိုက်မှူးနဲ့ NGO ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ကာ ၂၀၁၀ ပြည့်နှစ်မှာတော့ ချို့တဲ့သူတွေအတွက် အခမဲ့ ကျန်း မာရေးဝန်ဆောင်မှု ထောက်ပံ့ပေးတဲ့ Beautiful Mind Foundation ကို တည်ထောင်ခဲ့ ပြီး မန္တလေး ယုံကြည်ရာအသိပညာ​ပြန့်ပွားရေးအသင်းဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်ခဲ့ပါ တယ်။

နိုင်ငံရေးလှုပ်ရှားမှုအနေနဲ့ ၂၀၂၁ စစ်အာဏာသိမ်းခံရမှုဖြစ်ပွားပြီး ရက်မကြာမီမှာပဲ အာ ဏာသိမ်းမှုကို ပထမဆုံး ဆန့်ကျင်ဆန္ဒပြမှုကို ဦးဆောင်ခဲ့တာပါ။ မန္တလေးမြို့က စတင်တဲ့ အဆိုပါ ပထမဆုံးဆန္ဒပြမှုပြီးနောက်ပိုင်းမှာတော့ နိုင်ငံတဝန်း ဆန့်ကျင်ဆန္ဒပြမှုတွေ ထပ်ပြီးတော့ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီကတော့ ‌ဒေါက်တာတေဇာဆန်းကို နိုင်ငံတော် အကြည်ညိုပျက် စေမှု ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့် တရားစွဲဆိုထားပေမယ့် သူကတော့ လက်ရှိအချိန်ထိ ဆက် လက်ပြီး တော့ လှုပ်ရှားနေဆဲ ဖြစ်ပါတယ်။

ထားထက်ထက်(အလှမယ်)

အလှမယ် ထားထက်ထက်ကိုတော့ စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ဖို့ တိုင်းရင်းသား တော်လှန်ရေးနယ်မြေမှာ သွားရောက် စစ်ရေးလေ့ကျင့်နေတဲ့ ပြည်သူ့အချစ်တော် တယောက်အနေနဲ့ အားလုံးက သိထားကြပါတယ်။ 

သူဟာ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်က ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss Grand International အလှမယ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆန်ကာတင် အလှမယ် ၂၀ စာရင်းထဲမှာ ပါဝင်ခဲ့သလို အမျိုးသားဝတ်စုံပြိုင်ပွဲ ဆန်ကာတင် ၁၀ ဦးထဲ ပါ ဝင်ပြီး vote အများဆုံးနဲ့ Miss Popular ဆုကိုရခဲ့သူ ဖြစ်ပါတယ်။

အခုလို အလှမယ်တစ်ယောက်က စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ဖို့ လက်နက်ကိုင်ထားတဲ့ ပုံရိပ်တွေဟာ အလှမယ်လောကနဲ့ ပြည်တွင်းပြည်ပက မီဒီယာစာမျက်နှာတွေမှာ ရေပန်းစားခဲ့ပါတယ်။ 

လက်ရှိမှာတော့ ပြည်သူ့ဆန္ဒမဲတွေကို မျက်ကွယ်ပြုပြီး မတရားအာဏာသိမ်းမှုကို ဆန့် ကျင်တော်လှန်ပြီး စစ်အာဏာရှင်ကျဆုံးရေးအတွက် နွေဦးတော်လှန်ရေးမှာ လက်နက်၊ ကလောင်၊ ငွေကြေးထောက်ပံ့မှုတွေမှာ  တတ်နိုင်တဲ့ဘက်က စွမ်းစွမ်းတမံ ပါဝင်နေသူ ဖြစ်ပါ တယ်။

ဝေမိုးနိုင်(နွေဦးတော်လှန်ရေး မုံရွာသပိတ်ခေါင်းဆောင်)

နွေဦးတော်လှန်ရေးကာလအတွင်း မုံရွာမြို့သပိတ်တွေမှာ တက်တက်ကြွကြွပါဝင်ခဲ့ပြီး  ပြည်သူ့အချစ်တော် ပင်မသပိတ်ခေါင်းဆောင်တယောက်ဖြစ်တဲ့ ဝေမိုးနိုင်ဟာလည်း ဒီစာ ရင်းထဲ ချန်လှပ်ထားလို့ မရသူတယောက် ဖြစ်ပါတယ်။

သူ့ကိုတော့ ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက် နေ့လယ်ပိုင်းမှာ အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီ က အိမ်စီးကားနဲ့ ဝေမိုးနိုင် စီးလာတဲ့ ဆိုင်ကယ်ကို ဝင်တိုက်ပြီး ဖမ်းဆီးရိုက်နှက် ခေါ် ဆောင်သွားခဲ့ကြတာ ဖြစ်ပါတယ်။

ဧပြီ ၂၃ ရက်မှာတော့ ဝေမိုးနိုင်နဲ့အတူ နွေဦးတော်လှန်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြသူ ၄၂ ယောက်ကို လူသတ်မှုပုဒ်မ ၃၀၂၊ ဥပဒေနှင့်မညီဘဲ လူစုလူဝေးစုဖွဲ့မှု ပုဒ်မ ၁၄၉၊ လူကို မတရားချုပ်နှောင်မှု ပုဒ်မ ၃၄၂၊ လူသတ်ရန်ရည်ရွယ်သွေးဆောင်ခေါ်ယူမှု ပုဒ်မ ၃၆၄ နဲ့ သွေးထိုးလှုံ့ဆော်မှု ပုဒ်မ ၅၀၅-က တို့နဲ့ စွဲချက်တင်ခံထားရပါတယ်။

ပိုင်တံခွန်(သရုပ်ဆောင်မော်ဒယ်)

ခုရက်ပိုင်းကမှ အကြမ်းဖက်စစ်ကောင်စီက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရ တဲ့ သရုပ်ဆောင်မော်ဒယ် ပိုင်တံခွန်ကတော့ နွေဦးတော်လှန်ရေးမှာ ပြည်သူ့ဘက်တော် သားအနုပညာရှင်တယောက်အနေနဲ့ ပါဝင်ခဲ့သူပါ။

အသက် ၂၅ နှစ်အရွယ် ပိုင်တံခွန်ဟာ ပြည်တွင်းမှာရော ပြည်ပမှာပါ အထူးသဖြင့် အာရှအမျိုးသမီး ပရိတ်သတ်ရဲ့  အားပေးတဲ့ ပရိသတ် အခိုင်အမာ ရရှိထားခဲ့သူဖြစ်ပြီး TC Candler ရဲ့ The 100 Most Handsome Faces of 2021 မှာ ကမ္ဘာ့အ​ချောဆုံးမျက်နှာပိုင်ရှင် နံပါတ်၁​ ​နေရာမှာ  ​ရွေးချယ်​ဖော်ပြခံခဲ့ရပါတယ်။

ရန်ကုန်မြို့ သပိတ်တိုက်ပွဲတွေမှာ တက်ကြွစွာပါဝင်ခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီက ပုဒ်မ ၅၀၅ (က)ထုတ်ပြန်ခံခဲ့ရပြီး ဧပြီ ၈ ရက်နေ့မှာတော့ မြောက်ဒဂုံက နေအိမ်မှာ ဖမ်း ဆီးခံခဲ့ရတာဖြစ်ကာ မကြာခင်ကမှ ထောင်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ရေမွန်(အဆိုတော်)

စစ်အာဏာသိမ်းမှု အကျိုးဆက်ကြောင့် ကြွေလွင့်ရတဲ့ အနုပညာရှင်တွေထဲမှာ ရေမွန်က လည်း တယောက်အပါအဝင် ဖြစ်ပါတယ်။

ရေမွန်ကတော့ အဆိုတော် ခင်မြတ်မွန်ရဲ့ ရင်သွေး၊ အဆိုတော် လပြည့်ကဗျာရဲ့ အစ်ကိုတော်စပ်ပြီး လူငယ်ပရိသတ်တွေကြားမှာ အောင်မြင်တဲ့ တေးရေး၊ တေးဆိုတ ယောက်အဖြစ် ထင်ရှားသူ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်စဉ်မှာ မြို့ပြဆန္ဒပြပွဲတွေမှာ ပေါ်ပေါ်ထင်ထင် ပါဝင်တာ ကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ၅၀၅ (က)နဲ့ ဖမ်းမိန့် အထုတ်ခံရချိန်မှာ တိုင်းရင်း သားလက်နက်ကိုင်တွေရှိရာ လွတ်မြောက်နယ်မြေကို သွားရောက်ပူးပေါင်းခဲ့တာပါ။

ကရင်လက်နက်ကိုင် ထိန်းချုပ်နယ်မြေအတွင်း လာရောက်ခိုလှုံကာ စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေးအတွက် နိုင်ငံရေး/စစ်ရေးအတွက် လှုပ်ရှားဆောင်ရွက်နေရင်းမှာပဲ ရေမွန် ဟာ ဇွန် ၂၃ ရက်က အစာအိမ်သွေးကြောပေါက်ပြီး ရုတ်တရက် ကွယ်လွန်သွားခဲ့ကာ ကွယ်လွန်ချိန်မှာ အသက် ၃၂ နှစ်အရွယ်သာ ရှိသေးတာ ဖြစ်ပါတယ်။

အဆိုတော် ရေမွန်ရဲ့ ဈာပနအခမ်းအနားကိုတော့ KNU တပ်မဟာ ၆ ဘဲဟိကလော် ကျေး ရွာသုသာန်မှာ ကျင်းပပြုလုပ်ခဲ့ပြီး ဒေသတွင်း တေးချစ်သူ ပရိသတ်တွေ၊ မိသားစုဝင်တွေနဲ့ မိတ်ဆွေတော်လှန်ရေး ရဲဘော်ရဲဘက်တွေ စုစုပေါင်း ၂၀၀ နီးပါး လိုက်ပါပို့ ဆောင်ပေးခဲ့ကြတာ ဖြစ်ပါတယ်။

ခက်သီ(ကဗျာဆရာ)

"သူတို့က ခေါင်းကိုပစ်တယ်၊ တော်လှန်ရေးက နှလုံးသားမှာရှိတာ သူတို့ မသိကြဘူး"

ဒီစာတန်းကို မြင်တာနဲ့ ပြည်သူတွေရဲ့ ရင်ထဲမှာ ကဗျာဆရာ ခက်သီကို ပြန်လည်ပြီးတော့ မြင် ယောင်တမ်းတကြမှာ ဖြစ်သလို နွေဦးတော်လှန်ရေး ကြယ်တပွင့်အနေနဲ့လည်း အမှတ်ရ နေကြတော့မှာ ဖြစ်ပါတယ်။

မုံရွာမြို့အခြေစိုက် ကဗျာဆရာ ခက်သီဟာ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ အကြမ်းဖက်စစ် ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံခဲ့ရပြီး ၂၄ နာရီမပြည့်ခင် သေဆုံးသွားခဲ့တာပါ။

သူနဲ့ ဇနီးဖြစ်သူကို မေ ၈ ရက်ညက လာရောက်ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး စစ်ကြောရေးလုပ် ချိန် သေဆုံးခဲ့ခြင်းဖြစ်ပြီး ကိုခက်သီရဲ့ ရုပ်အလောင်းမှာ ရင်ဘတ်၊ လက်ဆစ်နဲ့ နံကြားတ လျှောက် ညိုမည်းဒဏ်ရာတွေ တွေ့ရ‌တယ်လို့ ဆိုပါတယ်။

ခက်သီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်း ပုလဲမြို့ မှာ ပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ရှေ့တန်းက တက်ကြွစွာ ပါ ဝင်ကာ လူထုဟောပြောမှုတွေ ဦးဆောင်ပြုလုပ်သူတယောက်လည်းဖြစ်ကာ သူရေးတဲ့ က ဗျာတွေဟာလည်း ထင်ရှားပါတယ်။

ခက်သီဟာ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလက်ချက်နဲ့ ကျဆုံးရတဲ့ ဒုတိယမြောက် ကဗျာဆရာဖြစ်ပြီး မတ်လ ၃ ရက်နေ့ကလည်း မုံရွာမြို့က ကဗျာဆ ရာ ကေဇဝင်းကို ဘုရားနီအနီး သပိတ်စစ်ကြောင်းကို အကြမ်းဖက်ပစ်ခတ်ချိန်မှာ သေနတ် ဒဏ်ရာနဲ့ လဲကျခဲ့ပြီး လမ်းမပေါ် တရွတ်တိုက်ဆွဲ ဖမ်းခေါ်ခံရပြီး ကျဆုံးသွားခဲ့ပါတယ်။

 မြဖြိုးကို(ဗိုလ်ချုပ်ရုပ်ရှင်သရုပ်ဆောင် တော်လှန်ရေးသမား)

ဗိုလ်ချုပ်ရုပ်ရှင်ကားတစ်ကားမှာ ဗိုလ်ချုပ်ဇာတ်ကောင်နေရာက ပါဝင်သရုပ်ဆောင်မယ့် တော်လှန် ရေးသမားတယောက်ဟာ အပြင်က တကယ့်လက်တွေ့ဘဝမှာပါ အကြမ်းဖက်စစ်ကောင် စီ ဆန့်ကျင်သူ ပြည်သူ့ဘက်တော်သားတယောက် ဖြစ်လာခဲ့ပါတယ်။

မြဖြိုးကိုဟာ ကျောင်းဆရာဟောင်းတယောက်ဖြစ်သလို အကြမ်းဖက်စစ်တပ်က အာဏာ သိမ်းပြီးချိန်ကစလို့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုတွေမှာ ပါဝင်ခဲ့တာပါ။ ဒါပေမယ့် အပြစ်မဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်ဖြိုခွင်းတာတွေ လုပ်ဆောင်လာခဲ့ချိန်မှာတော့ လက်နက် ကိုင် ဆန့်ကျင်ရေးနည်းလမ်းကိုသာ ရွေးချယ်ခဲ့ရတာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းက အင်္ဂလိပ်နယ်ချဲ့ကို တော်လှန်ဖို့ အတွက် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့သလို ကိုမြဖြိုးကိုကလည်း SAC ကိုဆန့်ကျင်ဖို့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်လိုက်တာလို့ ဆိုပါတယ်။

“ဒီနှစ် New Year ရဲ့ ပျော်စရာတွေကို နာစရာတွေ လွမ်းစရာတွေနဲ့ ဖုံးလွှမ်းနေရပါပြီ...။ ဒီနှစ်နွေဦးတော်လှန်ရေးရဲ့ မီးပွားဟာ လာမယ့်နှစ်သစ်မှာ ပိုပြီးလောင်ကျွမ်းတောက်ပ လာပြီး ရောင်နီအောင်ပွဲဆီ အမြန်ကြိုးစားရုန်းကန်ရင်း  ပြိုင်တူတွန်းနိုင်ကြပါစေလို့ ဆုတောင်းမိပါတယ်။” လို့ မြဖြိုးကိုက လူမှုကွန်ရက်မှာ ပြောထားပါတယ်။

 ပြည့်လျှံအောင်(မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းဂိုးသမား)

အကြမ်းဖက်စစ်အာဏာရှင်ကို ရရာနည်းနဲ့ တော်လှန်ကြသူတွေထဲ ပြည်သူတွေနဲ့အတူ ကဏ္ဍအသီးသီးက ပါဝင်နေကြပြီး အဲဒီထဲမှာ ဘောလုံးအားကစားသမား ပြည့်လျှံအောင် လည်း တယောက်အပါအဝင် ဖြစ်ပါတယ်။

သူဟာ မြန်မာအမျိုးသား လက်ရွေးစင်ဘောလုံးအသင်းနဲ့အတူ ဂျပန်ကိုလာပြီး ကမ္ဘာ့ ဖလားခြေစစ်ပွဲမှာ ဂျပန်နဲ့ ယှဉ်ပြိုင်ကစားတဲ့ပွဲမစခင် နိုင်ငံတော်သီချင်း သီဆိုချိန်မှာ မြန် မာနိုင်ငံတွင်းက စစ်တပ်အာဏာသိမ်းမှုနဲ့ ဖိနှိပ်ဖြိုခွင်းမှုတွေကို ဆန့်ကျင်ဆန္ဒပြတဲ့အနေနဲ့ လက်သုံးချောင်းထောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။

သူက ဖမ်းဆီးနှိပ်စက်မှုတွေ ကြုံရမှာမို့လို့ မြန်မာနိုင်ငံကိုပြန်မယ့် လေယာဉ်ပေါ်တက်ဖို့ ငြင်းဆန်ခဲ့ကာ ဂျပန်မှာ ခိုလှုံခွင့် တောင်းခံခဲ့ပြီး ပြည့်လျှံအောင်ကို ဂျပန်အစိုးရက ၆ လ နေထိုင်ခွင့် ပြုလိုက်ပါတယ်။

ဆန္ဒပြလူငယ်တွေရှေ့ကနေ ရပ်တည်ခဲ့တဲ့ ခရစ်ယာန်သီလရှင် အန်ရိုဇာနုတောင်

ဘာသာရေးနဲ့ ပတ်သက်ရင် လွှမ်းမိုးမှုကြီးတဲ့ မြန်မာ့နိုင်ငံရေးမှာ ခုတခါ နွေဦးတော်လှန် ရေးရဲ့ တစိတ်တပိုင်းအနေနဲ့ ပါဝင်လာခဲ့သူကတော့ ခရစ်ယာန်သီလရှင် အန်ရိုဇာနုတောင် ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုကို တတိုင်းပြည်လုံး ဆန့်ကျင်ကန့်ကွက်နေကြတဲ့ ဆန္ဒပြမှုတွေအတွင်း ပြီးခဲ့တဲ့ မတ် ၈ ရက်နေ့က ပထမဆုံး သွေးမြေကျခဲ့ရတဲ့ မြစ်ကြီးနားမြို့မှာ ဆန္ဒပြသမား လူ ငယ်တွေကို အကြမ်းဖက်ဖြိုခွဲတာတွေ မလုပ်ဖို့ သူက လက်နက်ကိုင်ဆောင်ထားတဲ့ ရဲတပ် ဖွဲ့ကို ဒူးထောက်တောင်းပန်ခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက် ဖြိုခွင်းတာတွေ မလုပ်ဘူးလို့ ကတိမပေးမချင်း ဆက်ရပ်နေမှာဖြစ်ပြီး၊ ဆန္ဒ ပြလူငယ်တွေကို ပစ်မယ့်အစား သူ့ကိုပဲ ပစ်လိုက်ဖို့ လက်နက်ကိုင်ရဲတပ်ဖွဲ့၀င်တွေကို ကြားဝင်ပန်ကြားခဲ့တဲ့ သီလရှင်အန်းရိုဇာနုတောင်ရဲ့ ရဲစွမ်းသတ္တိဟာ အမှန်တရားဘက်က တရားရှင်လို့ ချီးကျူးပြောဆိုခဲ့ကြရပါတယ်။

Photo Credit- MPA & Others

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024