စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် တောင်ပိုင်း ကျေးရွာတွေမှာ စစ်ကောင်စီတပ်က ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် ထွက်ပြေးနေရတဲ့ ကျေးရွာဒေသခံ စစ်ရှောင်ပြည်သူတွေ အစားအသောက်နဲ့ ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
ကလေးမြို့နယ် တောင်ပိုင်းက နတ်ချောင်း၊ နတ်မြောင်း၊ ချောင်းခွ၊ ဟားခါးလေး၊ ရေစို၊ ပန်းမွန်ချောင်း၊ ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ စစ်ကောင်စီတပ်က ကျေးရွာတွေအတွင်း ဝင်ရောက်မီးရှို့ဖျက်ဆီးတဲ့အတွက် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။
စစ်ဘေးရှောင်နေတဲ့ ပြည်သူတွေထဲမှာ ကိုယ်ဝန်သည်တွေ၊ အသက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေ၊ မကျန်းမာတဲ့သူတွေ ပါရှိနေတဲ့အတွက် ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။
ကလေး PDF အဖွဲ့ဝင် ကိုသူရိန်ဇင်က “စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆန်၊ ဆီ၊ ဆား၊ ဆေးဝါး ရိက္ခာတွေ အရေးပေါ်လိုအပ်နေပါတယ်။ ကိုယ်ဝန်သည် အမျိုးသမီးတွေ အသက်ကြီးရွယ်အိုတွေ ကလေးငယ်တွေ မကျန်းမာတဲ့သူတွေလည်း ပါရှိနေပါတယ်။ စားစရာနဲ့ ရိက္ခာ ထောက်ပံ့ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်ဗျာ” လို့ ပြောပါတယ်။
နတ်ချောင်းကျေးရွာမှာ စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၃ ရက်နေ့ကစပြီး ဝင်ရောက် မီးရှို့ဖျက်ဆီးနေတာကြောင့် ကျေးရွာဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး ဒီဇင်ဘာ ၂၅ ရက်နေ့က ကိုယ်ဝန်ဆောင် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦး မီးဖွားချိန်ကျော်လွန်ပြီး ကလေးငယ် ဆုံးပါးခဲ့ပါတယ်။
တိုက်ပွဲဖြစ်နေစဉ်အတွင်း ဖုန်းလိုင်းနဲ့ လျှပ်စစ်မီး ဖြတ်တောက်ခံထားရတာကြောင့် ညနေ ၅ နာရီလောက်မှ လက်သည်အကူအညီနဲ့ မီးမဖွားနိုင်လို့ နတ်မြောင်းကျေးရွာက ဘုန်းတော်ကြီးတပါးက ထောက်ကြံ့ကျေးရွာ အထိ လိုက်လံပို့ဆောင်ပေးခဲ့ပေမယ့်လည်း ကလေးမြို့ကို ၇နာရီ အရောက်မှာ ဝေစလီဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။
ဆေးရုံအရောက်မှာ ကလေးက အနေအထား မမှန်တာကြောင့် ခွဲရမှာဖြစ်တဲ့အတွက် ဆေးရုံမှာ လက်ထောက်သာရှိတာကြောင့် ကုတင် ၁၀၀ကိုသွားဖို့အကြံပြုတယ်လို့ ဆိုပါတယ်။
ကုတင် ၁၀၀ အရောက်မှာ ဆေးရုံမှာမီးဖွားခဲ့ပြီး မီးဖွားချိန် နောက်ကျလွန်းတာကြောင့် ကလေးငယ်မှာ အသက်ဆုံးပါးသွားခဲ့ရတာဖြစ်တယ်လို့ စစ်ဘေးရှောင်တွေဆီကသိရပါတယ်။ စစ်ဘေးရှောင်တွေအနေနဲ့ တစ်ယောက်နဲ့တစ်ယောက် အချင်းချင်းပြန်လည်ကူညီဖေးမရင်းနဲ့ ဒုက္ခတွေကို ရင်ဆိုင်နေကြရတယ်လို့ ပြောပါတယ်။
Photo ko thu rain zin