ကရင်ပြည်နယ်တွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သားအနည်းဆုံး ၁၀ ဦးသေဆုံး

ကရင်ပြည်နယ်အတွင်း ဒီဇင်ဘာ ၃၀ ရက်နေ့က စစ်ကောင်စီတပ် နဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က အနည်းဆုံး ၁၀ ဦးသေဆုံးပြီး  ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိကာ ၇ ဦး အရှင်ဖမ်းမိတယ်လို့ KNLA တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ ထိန်းချုပ်နယ်မြေ တပ်မဟာ ၁ မှာတော့ စစ်ကောင်စီအသုံးပြုတဲ့ လမ်းကြောင်းကို KNLA ဘက်က ရှေ့ထွက်မိုင်း ၂ လုံးနဲ့ တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ကေအန်ယူ တပ်မဟာ ၆ နယ်မြေ ကော့ကရိတ်မြို့အရှေ့ဘက် နှစ်မိုင်ခန့်အကွာ မနွယ်တောင် ဘုရားကုန်မှာ ထိုးစစ်လာဆင်လာတဲ့ စစ်ကောင်စီတပ်ကို ဒီနေ့မနက်ပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDF ပူးပေါင်းတပ်တို့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်အပြန်အလှန် ဒီနေ့ညနေအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး  တပ်ကောင်စီတပ်က ၁၀ ယောက် သေဆုံးပြီး ၂၀ လောက် ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

တိုက်ပွဲအတွင်း သေဆုံးသွားတဲ့ တပ်သားတွေကို ဒီနေ့ညနေပိုင်းအထိ စစ်ကောင်စီတပ်ဘက်က လာရောက်မယူနိုင်သေးဘူးလို့ ကေအန်ယူ တာဝန်ရှိသူက ပြောပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ၆ မိုင်လောက်  ကေအန်ယူနယ်မြေထဲမှာလည်း  ဒီဇင်ဘာ ၃၀ ရက်မနက်ပိုင်းက ကျူးကျော်ဝင်ရောက် တိုက်ခိုက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ယောက်ကို KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက အရှင်ဖမ်းဆီးရမိခဲ့ပါတယ်။

တပ်ခွဲမှူး ဗိုလ်ကြီး ၁ ဦးအပါအဝင် ၇ ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး သူတို့ကို ယာယီထိန်းသိမ်းထားကာ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်သွားမယ်လို့ KNLA တာဝန်ရှိသူက ပြောပါတယ်။

လေးကေ့ကော်ဒေသနဲ့ အနီးပတ်ဝန်းကျင်မှာ  စစ်ကောင်စီတပ်တွေက ဒီနေ့ ထိုးစစ်ဆင်နေတဲ့အပြင် လက်နက်ကြီးတွေ အလွန်အကျွန်အသုံးပြု ပစ်ခတ်တာရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကရင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် သေဆုံးဒဏ်ရာရမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up