Home
မြန်မာသတင်း
မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ကမ္ဘာ့ဘဏ်က ဒေါ်လာ သန်း ၂ ထောင် သုံးစွဲမည်
DVB
·
January 27, 2014
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကူညီဖို့၊ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ဖို့နဲ့ လျှပ်စစ်ဓာတ်အားပိုမိုရရှိဖို့ အမေရိကန်ဒေါ်လာ သန်းပေါင်း နှစ်ထောင်ကို အသုံးပြုဆောင်ရွက်သွားမယ်လို့ ကမ္ဘာ့ဘဏ်က ဇန်န၀ါရီ ၂၆ ရက်နေ့မှာ ကြေညာပါတယ်။ world bankဒီနှစ်ရှည်ဖွံ့ဖြိုးရေးအစီအစဉ်ကို မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျင်ယုံကင်မ်က ရန်ကုန်တိုင်း အတွင်းက ဒဂုံမြို့သစ်မြောက်ပိုင်းဆးရုံကို မနေ့က သွားရောက်တဲ့ ခရီးစဉ်တခုအတွင်း ကြေညာလိုက်တာဖြစ်ပါတယ်။ အစီအစဉ်ထဲမှာ ဦးစားပေးအဖြစ် အစိုးရဆောင်ရွက်နေတဲ့ ဆင်းရဲချမ်းသာမရွေး လူတိုင်းလက်လှမ်းမီနိုင်မယ့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို အကောင်အထည်ဖော်ဖို့နဲ့ ၂၀၃၀ ပြည့်နှစ် မတိုင်မီ လူတိုင်း လျှပ်စစ်ဓာတ်အားအပြည့်အ၀ရရှိနိုင်ဖို့ ဆိုတဲ့ လုပ်ငန်းတွေ၊ မြန်မာအစိုးရက ဆောင်ရွက်နေတဲ့ တခြားအရေးကြီးတဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဦးစားပေးလုပ်ငန်းတွေ ပါဝင်မယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အားလိုအပ်နေတဲ့ မြန်မာပြည်မှာ လျှပ်စစ်မီးပိုမိုထုတ်လုပ်ဖြန့်ချိနိုင်ဖို့ အမေရိကန်ဒေါ်လာသန်း ၁ ထောင် သုံးစွဲဆောင်ရွက်ဖို့ လျာထားတယ်လို့ ဆိုပါတယ်။ လက်ရှိပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေရဲ့ အသီးအပွင့်တွေ ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေဆီ မြန်မြန်ဆန်ဆန်ရောက်ရှိဖို့အတွက် ကျနော်တို့အနေနဲ့ ကူညီမှုတွေကို တိုးမြှင့်ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်လို့ ကမ္ဘာ့ဘဏ်အုပ်စုဥက္ကဌ ဂျင်ယုံကင်မ်က ပြောဆိုပါတယ်။ ကမ္ဘာ့ဘဏ်အုပ်စုဥက္ကဌ ဂျင်ယုံကင်မ်က “လျှပ်စစ်ဓာတ်အားပိုရတာနဲ့အမျှ လူမှုစီးပွားဘ၀တွေဟာလည်း တိုးတက်ပြောင်းလဲလာမှာဖြစ်တယ်။ ညမှောင်သွားပေမယ့် ကလေးတွေစာကြည့်နိုင်မယ်။ ဆေးခန်းတွေအတွက် မီးလင်းပြီး လူ့အသက်ကယ် တင်ဖို့ အရေးကြီးတဲ့ ခေတ်မီစက်ပစ္စည်းနဲ့ နည်းပညာတွေ သုံးနိုင်မယ်။ လျှပ်စစ်ဓာတ်အားက ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်နိုင်ဖို့ အရေးကြီးပါတယ်” လို့ ပြောပါတယ်။ ကမ္ဘာ့ဘဏ်ဟာ မြန်မာပြည်ကို ပြန်ဝင်လာပြီးနောက် မွန်ပြည်နယ်ရှိ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံရဲ့ လျှပ်စစ်စွမ်းအားကို အလေအလွင့် နည်းပါးစေရုံသာမက ထုတ်လုပ်နိုင်မှု ပမာဏကို နှစ်ဆမြှင့်တင်ပေးနိုင်တဲ့ လျှပ်စစ်စွမ်းအင်စီမံကိန်းကိုလည်း ပထမဆုံးအနေနဲ့ ဆောင်ရွက်နေပါတယ်။ ကမ္ဘာ့ဘဏ်အုပ်စုရဲ့ မြန်မာနိုင်ငံပေါ် ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ဖို့ ကတိက၀တ်ဟာ ၂၀၃၀ မတိုင်မီ လူတိုင်း လက်လှမ်းမီတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ် အကောင်အထည်ဖော်ဖို့ ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်အတွက် ဦးတည်ဆောင်ရွက်တာဖြစ်ပါတယ်။ လက်ရှိမှာတော့ မြန်မာပြည်ကျေးလက်ဒေသ ပြည်သူအများစုရဲ့ လေးပုံသုံးပုံဟာ အရည်အသွေးပြည့်မီတဲ့ ကျန်းမာရေးစောင့်ရှောက်မှုမရကြဘဲ ဆေးကုဖို့ ငွေကြေးမတတ်နိုင်တဲ့ ဆင်းရဲနွမ်းပါးကြတယ်လို့ ကမ္ဘာ့ဘဏ်ထုတ်ပြန်ချက်က ဆိုပါတယ်။ ကမ္ဘာ့ဘဏ်အုပ်စုဥက္ကဋ္ဌ ဂျင်ယုံကင်မ်က “ဆင်းရဲချမ်းသာမရွေး လူတိုင်းဟာ ဈေးနှုန်းချိုသာပြီး အရည်အသွေးမြင့်မားတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ရသင့်ပါတယ်။ ကျန်းမာရေးအသုံးစရိတ်တွေ မြင့်မားလို့ ဆင်းရဲတွင်းနက်နေရတယ်ဆိုတဲ့ အဖြစ်မျိုးက မရှိသင့်တော့ပါဘူး။ မြန်မာနိုင်ငံအစိုးရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ၂၀၃၀ ပြည့်နှစ်မတိုင်ခင်မှာ လူတိုင်း လက်လှမ်းမီနိုင်မယ့် ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကို ဆောင်ရွက်သွားမယ်ဆိုရင် မြန်မာနိုင်ငံသားအားလုံး ကျန်းမာရေးကောင်းမွန်တဲ့ ဘ၀မှာ နေထိုင်နိုင်မယ့် အခွင့်အရေးရရှိမှာပါ” လို့ ပြောပါတယ်။ ဂျင်ယုံကင်မ်ရဲ့ ခရီးစဉ်ဟာ ကမ္ဘာ့ဘဏ်အုပ်စုဥက္ကဋ္ဌတဦးအဖြစ် ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်ဖြစ်ပြီး နေပြည်တော်ကို သွားရောက်ပြီး သမ္မတဦးသိန်းစိန်၊ အတိုက်အခံတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဖို့ စီစဉ်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024