မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်လမ်း ၆၀ နဲ့ ၅၉ လမ်းကြား၊ သိပ္ပံလမ်းနဲ့ ၃၅ လမ်းကြားရှိ မီးရထားသံလမ်း ကျူးကျော်တွေကို ဒီဇင်ဘာ ၂၇ ရက်မှာ စည်ပင်သာယာက လက်နက်ကိုင်လုံခြုံရေးတွေနဲ့ အင်အားသုံး ဖယ်ရှားခဲ့ပါတယ်။
ကျူးကျော်တွေကို သတ်မှတ်ရက်အတွင်း ဖယ်ရှားပေးဖို့ စည်ပင်သာယာက သတိပေး စာပို့ထားပြီး နေအိမ် ၂၀၀ ကျော်ကို ဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။
ရပ်ကွက်နေပြည်သူတစ်ဦးက “ကျူးကျော်နေတဲ့သူတွေ သူတို့ဘာသာ သူတို့ ဖယ်သွားပြီးသား။ ကျန်ခဲ့တဲ့ အပိုင်းအစတွေကို စည်ပင်က လာရှင်းတာ။ စည်ပင်ချည်းပဲလည်း မဟုတ်ဘူး၊ လက်နက်ကိုင်ထားတဲ့ ရဲတွေ စစ်သားတွေလည်း ပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ၅၂ လမ်း၊ သိပ္ပံလမ်းနဲ့ ၃၅ လမ်းကြားရှိ ကျူးကျော်နေထိုင်သူတွေကို ဒီကနေ့ ဒီဇင်ဘာလ ၂၈ ရက်မှာလည်း ရှင်းလင်းဖယ်ရှားတာတွေ လုပ်ကြတယ်လို့ သိရပါတယ်။
အလားတူ ရန်ကုန်မှာလည်း လှိုင်သာယာနဲ့ ဒဂုံမြို့သစ်အပါအဝင် ကျူးကျော်တွေကို စစ်ကောင်စီက အင်အားသုံး ဖယ်ရှားရှင်းလင်းနေတာ ဖြစ်ပါတယ်။