Home
မြန်မာသတင်း
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၏အမှု တရားလိုပြ သက်သေ ၃ ဦး စစ်ဆေး
DVB
·
December 27, 2021

အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံကို စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိအမှုတွေအတွက် ဒီကနေ့ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ရုံးထုတ် စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ဒီဗွီဘီကို ပြောပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက တာဝန်ယူစဉ် ကာလအတွင်း လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး စီးပွားရေးလုပ်ငန်းရှင်တွေဆီက ငွေကြေးရယူခဲ့တယ်လို့ တဖက်သတ်စွပ်စွဲပြီး  အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နဲ့ အမှု ၉ မှု ဖွင့်လှစ်ထားတာပါ။

ဒီကနေ့ ရုံးချိန်းမှာတော့ စစ်ကောင်စီက တင်သွင်းထားတဲ့ ပြန်ခေါ် တရားလိုပြ သက်သေ ၃ ဦးကို ကျိုက်မရောဗဟို အကျဉ်းထောင်ရှိ အထူးတရားရုံးမှာ စစ်ဆေးမေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာ အေးဇံကို စစ်ကောင်စီက ဒီဇင်ဘာ ၂၃ ရက်နေ့မှာ စွဲဆိုထားတဲ့ အဂတိအမှု ၉ မှုစလုံးအတွက် စွဲချက်တင် အမိန့်ချခဲ့တာ ဖြစ်ပြီး အခုအခါမှာတော့ တရားလိုပြ သက်သေတွေကို ပြန်လည် ခေါ်ယူပြီး စစ်ဆေးနေတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ လက်ရှိမှာတော့ အဂတိအမှု ၉ မှုအပြင် ပြီးခဲ့တဲ့ ရက်ပိုင်းက ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုပြီး စစ်ကောင်စီ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀ (က) ၊ ပုဒ်မ ၁၇၁ (စ) အပါအဝင် အမှု ၃ မှု ထပ်တိုးဖွင့်လှစ်ခံထားရပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ စစ်ကောင်စီက အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ နိုင်ငံ့ဝန်ထမ်းတွေ ပါဝင်ပေးဖို့ တိုက်တွန်းခဲ့တယ်လို့ စွပ်စွဲကာ ပုဒ်မ ၅၀၅ (ခ) နဲ့ အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ထားတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024