DVB Logo
Home
မြန်မာသတင်း
အဆိုတော် ရုပ်ရှင်မင်းသမီး ခင်ယုမေ ကွယ်လွန်
DVB
·
January 25, 2014
အဆိုတော် ရုပ်ရှင်မင်းသမီး ခင်ယုမေ ကွယ်လွန်
Donate to DVB

အဆိုတော် ရုပ်ရှင်မင်းသမီး ခင်ယုမေဟာ ဇန်န၀ါရီလ ၂၄ရက် ည ၈နာရီခွဲမှာ ရန်ကုန်မြို့ နေအိမ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ ခင်ယုမေမှာ သားတဦးကျန်ရစ်ပြီး သားဖြစ်သူက အမေရိကားမှာ နေထိုင်တယ်။ ကွယ်လွန်သူရဲ့ ဆန္ဒအရ ဇန်န၀ါရီလ ၂၅ ရက်နေ့ မွန်းတည့် ၁၂ နာရီမှာ ရေဝေးသုသာန်မှာ သင်္ဂြိုဟ်လိုက်တယ်လို့ နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူက ပြောပါတယ်။

Khin Yu Mayဖက်ရှင်မင်းသမီးတဦးအဖြစ် အထူးထင်ရှား အောင်မြင်ကျော်ကြားတဲ့ ခင်ယုမေရဲ့ နောက်ဆုံး ဈာပနကို ဒီနေ့ခေတ် သရုပ်ဆောင်တွေ အလှမယ်တွေ တဦးတယောက်မှ ရောက်မလာလို့ စိတ်မကောင်း ဖြစ်မိတယ်လို့ ဦးကျော်သူက ပြောပါတယ်။

“အခု မော်ဒယ်တွေ မယ်တွေ ခေတ်စားနေတယ်။ ဒါသူ့ခေတ်တုန်းက ပြိုင်ဘက်ကင်း လှယဉ်ကျေးမယ်ပေါ့။ ဖက်ရှင်နဲ့ ပတ်သက်ပြီး သူ့ရဲ့ ဖက်ရှင်လည်း အင်မတန်ကို အထိရောက်ဆုံး ဖြစ်တယ်။ ဈာပန အခမ်းအနားမှာဆိုရင် ဘာပဲဖြစ်ဖြစ် လှယဉ်ကျေးမယ်တွေ ရုပ်ရှင်သမားတွေ ဂီတသမားတွေ လာသင့်တယ်။ အခုတယောက်မှ မတွေ့ဘူး။ အဲဒါတော့ စိတ်မကောင်းပါဘူး။”

ခင်ယုမေဟာ အဆိုတော်အဖြစ် ပထမ အောင်မြင်ခဲ့ပြီး ရုပ်ရှင်မင်းသမီးအဖြစ် သရုပ်ဆောင်တော့လည်း အောင်မြင်ခဲ့သူဖြစ်တယ်။ သူ့ရဲ့ အအောင်မြင်ဆုံးရုပ်ရှင် ဇာတ်ကားကတော့ ခင်းပွန်းဖြစ်သူ ရုပ်ရှင်မင်းသား ကျော်ဆွေနဲ့ တွဲဘက်ရိုက်ကူးတဲ့ ပုလဲ မျက်ရည် ဇာတ်ကား ဖြစ်တယ်လို့ ရွှေအမြုတေမဂဇင်း အယ်ဒီတာချုပ် ဦးဝင်းငြိမ်းက ပြောပါတယ်။

“အောင်မြင်တဲ့ ကားတွေလည်း အများကြီးပါပဲ။ အောင်မြင်တဲ့ သီချင်းတွေလည်း အများကြီး ရှိတယ်။ ဥပမာ - ရိုင်းတဲ့ ဇင်ရော်၊ စကားတက္ကသိုလ်၊ မိုးနှမလေး မိုးစက်လွှာ အဲဒီသီချင်းတွေက ဒေါ်ခင်ယုမေရဲ့ နာမည်ကြီးတဲ့ သီချင်းတွေပဲ။ ရုပ်ရှင်ကားထဲမှာဆိုရင်လည်း ဦးကျော်ဆွေနဲ့ ရိုက်ခဲ့တဲ့ ပုလဲ မျက်ရည်တို့ တောင်ခိုးဝေေ၀ ယစ်ဆိုင်းဆိုင်း အဲဒီလိုကားတွေ နာမည်ကြီးခဲ့တယ်။ အထူးသဖြင့် ဒေါ်ခင်ယုမေ ကားတွေထဲမှာ ပုလဲမျက်ရည်က နာမည်အကြီးဆုံးပဲ။”

ခင်ယုမေဟာ ၁၉၅၈ ခုနှစ် လောက်ကထဲက ရုပ်ရှင်လောကထဲ ရောက်ရှိခဲ့ပြီး ဤဘ၀၀ယ် ဇာတ်ကားဟာ သူ ပထမဆုံး သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။

ရုပ်ရှင် ထူးချွန်ဆုကို ၁၉၆၁ ခုနှစ်မှာ မန္တလေး ရုပ်ရှင်က ရိုက်ကူး ထုတ်လုပ်ခဲ့တဲ့ ကိုယ်ပိုင် မေတ္တာ ဇာတ်ကားနဲ့ ၁၉၇၅ ခုနှစ်မှာ ဒါရိုက်တာ ဦးသုခ ရိုက်ကူးခဲ့တဲ့ ရွှေခြည်ငွေခြည်တန်းပါလို့ ရုပ်ရှင်ဇာတ်ကားတို့နဲ့ နှစ်ကြိမ် ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

၁၉၈၀ ကျော်ကာလမှာ ကင်ဆာ ရောဂါ စတင်ခံစားရပြီးကတည်းက သရုပ်ဆောင်အလုပ်ကို ဆက်လက်လုပ်ဆောင်နိုင်ခြင်း မရှိတော့ပါဘူး။

ခင်ယုမေဟာ ပန်းတွေနဲ့ဝေ ရုပ်ရှင်လို အချစ်အလွမ်းဇာတ်ကားတွေမှာ ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင် နိုင်သလို ဓါးဘုရင်လို အကြမ်းအရမ်း ဇာတ်ကားတွေမှာလဲ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်သူ ဖြစ်ပါတယ်။

ရွှေအမြုတေမဂ္ဂဇင်းအယ်ဒီတာ ဦးဝင်းငြိမ်းကတော့ ခင်ယုမေဟာ သရုပ်ဆောင်တဲ့နေရာမှာ အတုံးလိုက် အတစ်လိုက်မဟုတ်ဘဲ ပါးပါးပဲ သရုပ်ဆောင်တတ်သူလို့ မှတ်ချက်ပေးပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013