ကြယ် ၂ ပွင့်အဆင့် အဲပုဂံ လုံခြုံမှု စိတ်ချရဟု ပြော
DVB
·
January 24, 2014
လေကြောင်းလိုင်း အဆင့်သတ်မှတ်တဲ့ www. airlinerating.com ရဲ့ အဆင့် သတ်မှတ်ချက်အရ အဲပုဂံဟာ ကြယ် ၂ ပွင့်အဆင့်ပဲ ရပေမယ့် လုံခြုံစိတ်ချရမှု ရှိတယ်လို့ အဲပုဂံက သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ ၀က်ဘ်ဆိုက်ရဲ့ အဆင့်သတ်မှတ်ချက် အမြင့်ဆုံးဟာ ကြယ် ၇ ပွင့် ဖြစ်ပေမယ့် မြန်မာနိုင်ငံက ပြည်တွင်းလေကြောင်းလိုင်းတွေအနေနဲ့ အပြည်ပြည်ဆိုင်ရာ လေကြောင်း လုံခြုံစိတ်ချရမှု (အိုင်အိုအက်စ်အေ)ရဲ့ အစစ်ဆေး မခံရသေးခြင်း၊ အိုင်အိုအက်စ်အေရဲ့ စစ်ဆေး မှုမှာလည်း မြန်မာနိုင်ငံဟာ သတ်မှတ်ချက် မပြည့်မီခြင်း စတဲ့အချက်တွေကြောင့် လေကြောင်း လိုင်း အားလုံး ကြယ် ၄ ပွင့် မရခဲ့ခြင်း ဖြစ်ကြောင်း ဒါကြောင့် မြန်မာပြည်တွင်းက လေကြောင်းလိုင်း အားလုံးရဲ့ အမြင့်ဆုံး သတ်မှတ်ချက်ဟာ ကြယ်ပွင့် ၃ ပွင့်သာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ၀က်ဘ်ဆိုက်သတ်မှတ်ချက်အရ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း လူအသေအပျောက် ရှိတဲ့ မတော်တဆမှု ဖြစ်ပွားခဲ့ရင် ကြယ် ၁ ပွင့် လျော့ချတဲ့ သတ်မှတ်မှုအရ အဲပုံဂံဟာ ကြယ် ၂ ပွင့်ပဲ ရကြောင်း၊ ဒါပေမယ့် အခြားပြည်တွင်း လေကြောင်းလိုင်းတွေနည်းတူ စိတ်ချရမှု ရှိပါ ကြောင်း ရှင်းလင်းခဲ့ပါတယ်။