ထိုင်းနိုင်ငံက ကာရာအိုကေဆိုင်၊ အရက်ဘားနဲ့ အနှိပ်ခန်းတွေမှာ အလုပ်လုပ်နေသူတွေဟာ ကိုဗစ်-၁၉ ကာလမှာ ဆိုင်မဖွင့်ရ၊ အလုပ်မလုပ်ရတာကြောင့် စားဝတ်နေရေးအခက်အခဲရှိပြီး အစိုးရ အနေနဲ့ ထောက်ပံ့ကူညီပေးဖို့ ဒီဇင်ဘာ ၂၂ ရက် က ဘန်ကောက်အစိုးရ အိမ်တော်ရှေ့မှာ လာရောက်တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
EMPOWER ဖောင်ဒေးရှင်းနဲ့ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးအဖွဲ့ဝင်တွေဟာ ဒီမတိုင်ခင်ကလည်း အစိုးရဆီတင်ပြတောင်းဆိုထားခဲ့ပေမဲ့ ထူးခြားမှုမရှိလို့ တောင်းဆိုလိုတဲ့အချက်၊ ရင်ဖွင့်ချက်တွေကို ဒေါက်ဖိနပ်တွေမှာရေးထားပြီး စာတိုက်ကြီးကနေ တဆင့် ထိုင်းဝန်ကြီးချုပ် ပရာယုဒ်ကျန်အိုးချားနဲ့ အစိုးရဝန်ကြီးတွေထံ ပေးပို့ထားပါတယ်။
ဒါပေမဲ့ အဲဒီပါဆယ်ထုတ်တွေဟာ သူတို့ဆီပြန်ရောက်လာလို့ အထုပ်တွေအကုန်သယ်လာပြီး အစိုးရအိမ်တော်ရှေ့မှာလာရောက်ပြီး ဖွင့်ပြ ဖတ်ပြရတာလို့ ဆန္ဒပြအဖွဲ့ပြောခွင့်ရ နန်းဆောင် ထန်းဒါး လောင်ဝိလာဝမ်ကွန်းက သတင်းထောက်တွေကို ပြောပါတယ်။
“ကျမတို့ ခက်ခဲနေတာ ၂ နှစ်ရှိပါပီ၊ ဆက်ပြီးသည်းမခံနိုင်တော့ပါဘူး၊ နေ့စဉ်အသုံးစရိတ်တွေက ရှိသေးတယ်၊ အစိုးရကိုတောင်းဆိုတော့ လူမှုဖူလှုံရေးဆီမှာတောင်းခိုင်းတယ်၊ ဒီအလုပ်အကိုင်တွေ က လူမှုဖူလှုံရေးအာမခံလုပ်ခွင့်မရှိဘူး၊ ပြီးတော့ အစိုးရစီစဉ်ပေးတဲ့ တဝက်စီပေးချေတဲ့စနစ် ( တဝက်အစိုးရ/ တဝက်မိမိဖာသာကုန်ကျ ) ကလည်း စီးပွါးရေးကိုတွန်းအားပေးတဲ့ အစီအစဉ်ပဲ လို့မြင်တယ်။ ဒါကြောင့် ကျမတို့လိုအလုပ်သမားတွေကို တလ ဘတ် ၅၀၀၀ စီ အခြေအနေပြန်ကောင်းတဲ့အထိ ထောက်ပံ့ပေးဖို့ တောင်းဆိုပါတယ်။ ”
အစိုးရအနေနဲ့ ရောဂါကာကွယ်ရေးအတွက် တားမြစ်ချက်တွေထုတ်ပြန်ထားပြီး တဖက်ကလည်း တားမြစ်ချက်ကြောင့် ထိခိုက်နစ်နာရသူတွေကိုလည်း ကြည့်ရှုစောင့်ရှောက်ပေးရမှာဖြစ်ကြောင်း၊ ပြည်တန်ဆာ ၊ ကာရာအိုကေလုပ်ငန်း၊ အရက်ဆိုင်၊ ဘားဆိုင်၊ အနှိပ်ခန်းက အလုပ်သမားတွေလည်း အစိုးရကို အခွန်ပေးဆောင်နေတဲ့သူတွေဖြစ်လို့ တခြားအလုပ်သမားတွေနည်းတူ ထောက်ပံ့ကြေး တွေ ရသင့်တယ်လို့လည်း ဆန္ဒပြသူတွေက ပြောပါတယ်။
ဒေါက်ဖိနပ်ဆန္ဒပြအဖွဲ့ဟာ သူတို့တောင်းဆိုချက်တွေကို ဖတ်ကြားပြီး အစိုးရအိမ်တော်ရှေ့က နေ အေးဆေးစွာပြန်လည်ထွက်ခွါလာခဲ့ကြပါတယ်။
ကိုကား- TODAY