DVB Logo
Home
မြန်မာသတင်း
ကုမ္ပဏီပေါင်း ၃၅၆ ခု ပို့ကုန်ရငွေ စာရင်းရှင်းရန် စစ်ကောင်စီဗဟိုဘဏ်သတိပေး
DVB
·
December 21, 2021
ကုမ္ပဏီပေါင်း ၃၅၆ ခု ပို့ကုန်ရငွေ စာရင်းရှင်းရန် စစ်ကောင်စီဗဟိုဘဏ်သတိပေး
Donate to DVB

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်း  ကုမ္ပဏီပေါင်း ၃၅၆ ခုမှ အမေရိကန်ဒေါ်လာတန်ဖိုးအားဖြင့် သိန်းပေါင်း ၁၅၇၃ ကျော်စာရင်းရှင်းလင်းဖို့ ကျန်ရှိနေတယ်လို့  စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်မှ ဒီဇင်ဘာ ၂၀ ရက်က သတိပေးထုတ်ပြန်ထားပါတယ်။

၂၀၁၉ ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ပို့ကုန်ရငွေ ဝင်ရောက်ရန်ကျန်ရှိတဲ့   ကုမ္ပဏီတွေ အနေဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ ပို့ကုန်ရဝင်ငွေတွေကို မိမိတို့ ပို့ကုန်ရငွေ ဝင်ငွေရောက်ခဲ့တဲ့ ဘဏ်တွေနဲ့ ဆက်သွယ်စာရင်းရှင်းလင်းဖို့  ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မှတဆင့် ဆက်သွယ်အကြောင်းကြားထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပို့ကုန်ရငွေနဲ့ပတ်သက်လို့ စာရင်းပြန်ရှင်းလင်းတဲ့ ကုမ္ပဏီတွေ များနေတာနဲ့ ပတ်သက်ပြီး ဘဏ္ဍာရေးဆိုင်ရာကျွမ်းကျင်သူတဦးက “ပို့ကုန်သမားတွေအတွက် သူတို့ရမယ့် ငွေကြေးက ဒေါ်လာငွေကြေးပေါ့။ အဲ့ဒီဒေါ်လာငွေကြေးကို လိုအပ်တော့မှ ကျပ်ငွေ ပြန်ပြောင်းတာ နော်။ ဒါပေမဲ့ မြန်မာပြည်မှာက ငွေရေးကြေးရေးနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် ဘဏ်စနစ်နဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် တည်ငြိမ်မှုက မရှိဘူး။ ဘဏ်တွေက အကျပ်အတည်း ပေါ်လိုက် နိုင်ငံခြားငွေကြေးကလည်း အတက်အကျနဲ့ မတည်ငြိမ်လိုက်တော့ တော်တော် များများက မြန်မာနိုင်ငံမှာ ပို့ကုန်ရငွေကို မအပ်ကြဘူး။ ဘယ်မှာ စာရင်းထားကြလဲဆိုရင် များသောအားဖြင့် စင်္ကာပူဘဏ်မှာ စာရင်း ထားကြတယ်နော်။ ဘာလို့လဲဆိုတော့ စင်္ကာပူက မြန်မာနိုင်ငံထက်စာရင် အတိုင်းအတာတခု အထိငွေရေး ကြေးရေးက တည်ငြိမ်မှုရှိတယ်လေ။ အဲ့တော့ ပြည်တွင်းကို ပြန်မသယ်ဘူး။ တကယ်လို့ ပေးချေစရာရှိတယ်ဆိုရင် စင်္ကာပူ ဘဏ်ကနေ ပေးချေကြတယ်” လို့ပြောပါတယ်။

တဖက်မှာလည်း ဗဟိုဘဏ်က ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်း စည်းကမ်းနဲ့အညီ ဆောင်ရွက်ပါ့ မလားဆိုတဲ့အပေါ် စီးပွားရေးသုတေသီတဦးက အခုလို သုံးသပ်ပါတယ်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်မှာ ကြိုးစားလာတာက ယခင်က ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနဲ့ မညီညွတ်တဲ့ဟာတွေကို စည်းမျဉ်းစည်းကမ်းနဲ့ ညီညွတ်အောင် ဆောင်ရွက်လာတာတွေ့ရတယ်နော်။ (ဥပမာ-စစ်တပ်ပိုင် ဦးပိုင်လုပ်ငန်းတွေကို အခွန်ပေးဆောင်ခိုင်းတာ၊ ပြီးတော့ ဥပဒေနဲ့အညီ ပိုင်ဆိုင်မှုတွေကို ဖော်ပြခိုင်းတာ)။ ဒါမျိုးလုပ်ဖို့ပြင်ဆင်နေတုံးမှာ ကိုဗစ်နဲ့ကြုံခဲ့ပြီးနောက် အခု အာဏာသိမ်းခံလိုက်ရတဲ့ အတွက် လုပ်ငန်းစဉ်တွေက မပြီးပြတ်ခဲ့ဘူး။ ဆိုတော့ ဘဏ္ဍာရေးလုပ်မယ်ဆိုရင် ဘဏ္ဍာရေး ဆိုင်ရာပွင့်လင်းမြင်သာမှုရှိဖို့နဲ့ တာဝန်ယူမှု၊တာဝန်ခံမှု ရှိဖို့ဆိုတာက ဒီမိုကရေစီခေတ်မှာ ပြောတဲ့စကားလုံးတွေပဲ။ ဒါပေမဲ့ အရင်ကလို ဒီမိုကရေစီ စနစ်မတိုင်မှီက အခြေနေအလိုမျိုးပေါ့၊ ပွင့်လင်းမြင်သာမှုလည်း မရှိဘူး။ တာဝန်ယူမှု၊ တာဝန်ခံမှုလည်း မရှိတဲ့အခြေအနေပုံစံမျိုးနဲ့ စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ဆက်လုပ်မလား၊ မလုပ်ဘူးလား ဆိုတာကတော့ မသေချာဘူး။”

ဘဏ်တွေနဲ့ စာရင်းရှင်းလင်းဖို့ ကျန်ရှိတဲ့ ကုမ္ပဏီတွေဟာ အခုကြေညာတဲ့နေကစပြီး သတ်မှတ်ကာလ ရက်ပေါင်း ၃၀ အတွင်း စာရင်းမရှင်းပါက စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေအရ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဖော်ပြထား ပါတယ်။

ဒါပေမဲ့ ခြွင်းချက်အနေနဲ့ စာရင်းရှင်းလင်းဖို့ ကျန်ရှိတဲ့ ကုမ္ပဏီတွေအနေနဲ့ ED တွေအတွက် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်မှာမဟုတ်ကြောင်း၊ ရှင်းလင်းတင်ပြလိုပါက ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန၊ ဗဟိုဘဏ်သို့ Email ပေးပို့ ရှင်းလင်းတင်ပြနိုင်တယ်လို့ ဖြေလျှော့ပေးထားပါတယ်။

ဖြေလျှော့မှုအတွက် လျှောက်ထားရာမှာ မိမိရှင်းလင်းတင်ပြသော အကြောင်းအရာနဲ့ ပတ်သက်တဲ့ အထောက်အထားတွေကို (ED၊ ID၊ Export License၊ Import License၊ Sale contract၊ Customs note နဲ့ ဝန်ကြီးဌာန ဆိုင်ရာကိစ္စရပ်တွေနဲ့ ဆက်စပ်ပါက သက်ဆိုင်ရာဌာတွေရဲ့ ထောက်ခံချက်စတာတွေနဲ့  ပူးတွဲတင်ပြရမှာပါ။

ဒိအတွက် ပို့ကုန်ရငွေပြန်လည်ဝင်ရောက်မှာ မဟုတ်ကြောင်း ရှင်းလင်းတင်ပြခြင်းနှင့်စပ်လျဉ်းပြီး (မည်သို့သော အကြောင်း ကိစ္စရပ်များကြောင့် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်မည်မဟုတ်ကြောင်း ရှင်းလင်းချက်များအား) ရေးသားကာ မိမိကုမ္ပဏီအမည်အား ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ဖို့ ကျန်ရှိတဲ့စာရင်းထဲမှ ပယ်ဖျက်ပေးဖို့ လျှောက်ထားနိုင်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013