ကုန်စည်တွေကို ကြိုရောင်းမလုပ်ဖို့ ထပ်မံ အမိန့်ထုတ်
DVB
·
January 23, 2014
ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင်တွေမှာ ပဲအပါအ၀င် ကုန်စည်တွေကို လေပတ်ကားသဘော ကြိုရောင်းကြိုဝယ် မလုပ်ကြဖို့ စည်းကမ်းချက် ထုတ်ပြန် သတိပေးထားပေမယ့် ဆက်ပြီး လုပ်ကိုင်နေကြတဲ့အတွက် ထပ်ပြီး သတိပေးမှုတွေ လုပ်နေရတယ်လို့ မန္တလေးနဲ့ ရန်ကုန် ကုန်စည်ဒိုင် အဖွဲ့ဝင်တွေက ဒီဗွီဘီကို ပြောပါတယ်။
ရန်ကုန်မှာ ဇန်န၀ါရီ ၁ ရက်နေ့ကစပြီး ကြိုရောင်းကြိုဝယ်ကိစ္စ မလုပ်ကြဖို့ တားမြစ်စာ ထုတ်ပြန်ခဲ့ပြီး မန္တလေးကုန်စည်ဒိုင်မှာတော့ ဇန်န၀ါရီ ၁၇ ရက်နေ့မှာ ကြေငြာချက် ထုတ်ပြန် တားမြစ်ခဲ့တာ ဖြစ်ပါတယ်။
တားမြစ်မှုကြားထဲက ကြိုရောင်း ကြိုဝယ်တာတွေ ရှိနေပြီး ၂၀၁၃ နိုဝင်ဘာလောက်က ပဲစင်းငုံ ၁ အိတ် ကျပ် ၅ သောင်းအောက် ရှိရာကနေ လက်ရှိ ၁ အိတ် ကျပ် ၅ သောင်း ၇ ထောင် အထက် ရောက်နေတယ်လို့ မန္တလေးကုန်စည်ဒိုင် အဖွဲ့ဝင်တယောက်က ပြောပါတယ်။
ရန်ကုန်ဘက်မှာလည်း ပြည်ပကုန်သည်တွေဆီက ကြိုတင်ငွေ ရယူထားပြီး ပဲတင်ပို့နိုင်ခြင်း မရှိတဲ့ ကုန်သည် ၄ ယောက်ကို ပြည်ပကုန်သည်တွေက သမ္မတရုံးအထိ တိုင်ကြားထားမှု ရှိနေတယ်လို့ ပဲကုန်သည်တွေက ပြောပြကြပါတယ်။