စစ်ကိုင်းတိုင်း မုံရွာအမြင့်လမ်းမှာ စစ်ကောင်စီကားတွေကို ဒေသခံပြောက်ကျားအဖွဲ့က ဒီနေ့မနက် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၅ ယောက်လောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အိမ်စီးကား ၄ စီးနဲ့ မုံရွာ အမြင့်လမ်းပေါ် ထနောင်းတောမြောက်ရွာအဝင်မှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ယောက်လောက်ကို မနက် ၈ နာရီလောက်က မိုင်းခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ၅ ယောက်လောက် ထိမှန်ဒဏ်ရာရတယ်လို့ Monywa Phoenix Warrier အဖွဲ့က ပြောပါတယ်။
စစ်အာဏာရှင် ချုပ်ငြိမ်းဖို့ အဓိကရည်ရွယ်ချက်နဲ့ သူတို့သွားတဲ့ လမ်းကြောင်းမှန်သမျှကို ပြောက်ကျားနည်းနဲ့ တိုက်ခိုက်နေမှာဖြစ်ပြီး စစ်အာဏာရှင် မပြုတ်ကျမချင်း ဆက်လက်တိုက်ပွဲဝင်နေမယ်လို့လည်း ဆိုပါတယ်။