စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲမှာ ဒီဇင်ဘာ ၁၇ ရက်က စစ်ကောင်စီတပ်တွေကို ၃ ကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၁၀ ယောက်ကျော် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ထုတ်ပြန်ပါတယ်။
ပုလဲမြို့နယ် ကန့်ဒေါင့်ကျေးရွာက ထွက်လာတဲ့ စစ်ကောင်စီတပ်ကို မနေ့ မွန်းလွဲ နာရီကျော်လောက်မှာ ပုလဲပြောက်ကျားတပ်ဖွဲ့၊ ပုံတောင်တိုက်ဂါးတပ်ဖွဲ့နဲ့ Aung San Force – MPDF တပ်ဖွဲ့တို့ ပူးပေါင်းပြီး မိုင်း ၆ လုံး ခွဲတိုက်ခိုက်ပြီးနောက် အပြန်အလှန်ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ပြီးတော့ ပတ္တလားကွေ့မှာ နေ့လယ် ၂ နာရီ ၄၅ မိနစ်လောက်က ပုံတောင်တိုက်ဂါးအဖွဲ့နဲ့ ပုလဲ ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်း မိုင်း ၃ လုံးခွဲတိုက်ခိုက်ပြီး ဒုတိယအကြိမ် တိုက်ပွဲဖြစ်ခဲ့ပါတယ်။
ညနေ ၃ နာရီလောက်မှာတော့ ဝမ်းဘဲချိုင့်ကျေးရွာအနောက်ဘက်မှာ အကြမ်းဖက် စစ်ကောင်စီတပ်တွေကို ပုလဲပြောက်ကျားတပ်ဖွဲ့နဲ့ ပုံတောင်တိုက်ဂါးအဖွဲ့တို့ ပူးပေါင်းပြီး မိုင်း ၆ လုံးဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီ ၃ ကြိမ်တိုက်ခိုက်ခဲ့တာမှာ အကြမ်းဖက်စစ်ကောင်စီဘက်က ၁၀ ယောက်ထက်မနည်း သေဆုံး၊ အများအပြား ဒဏ်ရာရပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ထိခိုက်ဒဏ်ရာရတာမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။