Home
မြန်မာသတင်း
မကွေးနှင့်စစ်ကိုင်းတိုင်းတို့တွင်တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်က ရဟတ်ယာဉ်သုံးတိုက်ခိုက်ခိုက်
DVB
·
December 18, 2021

မကွေးနဲ့ စစ်ကိုင်းတိုင်းတို့မှာ ဒီဇင်ဘာ ၁၇ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က ရဟတ်ယာဉ်သုံး တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာထဲကို စစ်ကောင်စီတပ်တွေဟာ ဒီဇင်ဘာ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီးဝန်းကျင်က စတင်ကာ ရဟတ်ယာဉ်တွေသုံးပြီး ဝေဟင်ကနေ စက်သေနတ်တွေနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံကျေးရွာသားတဦးက “ရဟတ်ယာဉ် ၂ စီးက ရုတ်တရက်ရောက်လာပြီး အဆက်မပြတ်ပစ်နေတာ၊ လက်နှက်ကြီးတွေနဲ့လည်း ပစ်တယ်။ ရွာသားတချို့လည်း ပုန်းနေရတယ်။ ထွက်ပြေးတဲ့သူတွေလည်းရှိတယ်။ သူတို့ပစ်တာ နာရီဝက်၊ ၄၅ မိနစ်လောက်တော့ ကြာတယ်ဗျ။ ရွာသားတွေ အထိအခိုက်တော့ရှိတယ်။ အတိအကျတော့မသိရသေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ရဟတ်ယာဉ်တွေအသုံးပြုပြီး ဝေဟင်ကနေပစ်ခတ်တာကြောင့် နှမ်းခါးကျေးရွာဒေသခံရွာသားတွေ ထိခိုက်ဒဏ်ရာရရှိမှုနဲ့ ပျက်ဆီးမှုတွေသိရှိနိုင်ဖို့ ဒီဗွီဘီကဆက်လက်စုံစမ်းနေပါတယ်။

“ရွာအတွက် စာသင်ကျောင်းထဲမှာ အစည်းဝေးလုပ်နေကြတာ။ ရဟတ်ယာဉ်တွေရောက်လာပြီး ပစ်တော့တာပဲ။ ပုန်းတဲ့သူပုန်း ပြေးတဲ့သူပြေးပေါ့။ ရဟတ်ယာဉ်တွေပေါ်ကနေလည်း စစ်သားတွေချထားခဲ့သေးတယ်” လို့ အမည်မဖော်လိုတဲ့ ဒေသခံလူငယ်တဦးက ပြောပါတယ်။

နှမ်းခါးကျေးရွာဟာ လူဦးရေ ၁၀၀၀ နီးပါးရှိပြီး ပြီးခဲ့တဲ့ စက်တင်ဘာလထဲကလည်း စစ်ကောင်စီတပ်တွေရဲ့ ၂ ကြိမ်ဆက်တိုက်မီးရှို့ခံရလို့ ဒေသခံကျေးရွာသားတွေ ဘေးလွတ်ရာတောတောင်တွေထဲကို ထွက်ပြေးခဲ့ကြရပါတယ်။

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်မှာလည်း ဒီဇင်ဘာ ၁၇ ရက်နေ့ မွန်းလွဲပိုင်းနဲ့ ညနေပိုင်းတွေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ၉ ယောက်ထက်မနည်းသေဆုံးပြီး ၁ ယောက်ဒဏ်ရာရရှိသွားတယ်လို့ မြိုင် PDF တပ်ဖွဲ့ဆီက သိရပါတယ်။

မြိုင်မြို့နယ် သရက်ကန်နဲ့ဖလံကိုင်း ရေနံမြေရဲစခန်းတွေကို သွားတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၁၄ ယောက် ဆိုင်ကယ် ၇ စီးကို မွန်းလွဲ ၂ နာရီလောက် မြိုင် PDF တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၅ ယောက်သေဆုံးပြီး ၁ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် PDF ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ခွင့်ချိန်က ပြောပါတယ်။

ဒါ့အပြင် မြိုင်မြို့နယ်မြောက်ပိုင်းမှာလည်း ဒီဇင်ဘာ ၁၇ ရက်နေ့ ညနေ ၃ နာရီလောက်က မြိုင် PDF၊ မြိုင်မြို့နယ်ကျေးရွာများတော်လှန်ရေးတပ်ဦး MVRF ပူးပေါင်းအဖွဲ့နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၄ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

မြိုင်မြို့နယ် ငါးမုန်း၊ငါးမြောင်းဘက်မှာ အင်အား ၁၀၀ ကျော်လောက်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းတစ်ကြောင်း၊ သက္ကယ်ကန်ရွာဘက်မှာ အင်အား ၈၀ လောက်ပါတဲ့ စစ်ကြောင်းတစ်ကြောင်းနဲ့ မင်းသားကျဘက်မှာ အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကြောင်းတစ်ကြောင်း အားလုံးစစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်နေတာလို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာလည်း ယာဉ်တန်း ၄၀ ကျော်လောက်နဲ့ ထိုးစစ်စဉ်လာတဲ့ စစ်ကောင်စီတပ်တွေ နှစ်နေရာ မိုင်းဆွဲခံရတာကြောင့် တပ်သား ၆ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ များပြားတယ်လို့ ပြည်သူ့တော်လှန်ရေး တပ်မတော် PRA က သတင်းထုတ်ပြန်ထားပါတယ်။

ကန်ဒေါင့်ရဲစခန်းကတစ်ဆင့် ခြေလျင်စစ်ကြောင်းနဲ့ ပုလဲနယ်အတွင်းကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီ တပ်တွေကို ဒီဇင်ဘာ ၁၇ ရက်နေ့ မနက် ၁၀ နာရီလောက်က တိုက်မိုင်း ၂ လုံး၊ ဆွဲမိုင်း ၇ လုံးနဲ့ စုစုပေါင်း ၉ လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကားအစီး ၄၀ ကျော်နဲ့ ထပ်မံထိုးစစ်စဉ်လာတဲ့ လက်နက်ကိုင်စစ်ကောင်စီတပ်ကို နေ့လယ် တစ်နာရီလောက် ဝမ်းဘဲချိုင့်ကျေးရွာအနီးမှာ မိုင်း ၄ လုံးနဲ့ထပ်မံ တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား အများအပြား ထိခိုက်ဒဏ်ရာရခဲ့ပြီး ကား ၃ စီးပျက်စီးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ထိခိုက်သူမရှိဘူးလို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကို  ပြည်သူ့တော်လှန်ရေးတပ်မတော် (PRA) နဲ့ ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဌာနချုပ် Pale People’s Defence Force – Headquarters တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။

မိုင်းထိထားတဲ့ စစ်ကားပေါ်က စစ်ကောင်စီတပ်သားတွေက ဝမ်းဘဲချိုင့်ကျေးရွာအတွင်းမှာ စီးနင်းဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ PRA အဖွဲ့က သိရပါတယ်။

ဒီဇင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေကလည်း စစ်တပ်နဲ့ PRA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃၂ ယောက် သေဆုံးခဲ့တယ်လို့ PRA တပ်ဖွဲ့ က ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း ကနီမြို့နယ် အိုင်တောင်ကျေးရွာမှာတော့ ဒီဇင်ဘာ ၁၇ ရက်နေ့ ည ၇ ခွဲကျော်က စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတစ်ဦးက "ချင်းတွင်းမြစ်ထဲကနေ သူတို့ကျောက်တင်မော်တော်တွေပေါ်က နေပစ်ခတ်တာဗျ။ ဘယ်တိုက်ပွဲမှ မဖြစ်ဘူး။ ရွာသားတွေကတော့ သူတို့မော်တော်လာကတည်းက ရွာထဲကနေ ထွက်ပြေးနေကြတယ်။ ရွာထဲတစ်ယောက်မှမရှိဘူး။ အခုလို မီးလောင်တာတောင် မြင်တဲ့သူတွေက သွားငြိမ်းတော့ ဘေးအိမ်တွေတော့ မကူးဘူး။ မချိုအိမ်ကတော့ မီးလောင်ဆုံးရှုံးသွားတယ်။ အိမ်ကနှစ်ထပ်အိမ်” လို့ပြောပါတယ်။

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်း နှစ်ဖက်တိုက်ပွဲတွေမှာ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024