ထိုင်းဘက်ကို တိမ်းရှောင်လာသည့် ကရင်စစ်ဘေးရှောင်များ အကူအညီလိုအပ်နေ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ လေးကေ့ကော်ဒေသထဲမှာ မြန်မာစစ်တပ်နဲ့ ကေအန်ယူတို့ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့်  ထောင်နဲ့ချီတဲ့ရွာသားတွေ ထိုင်းနိုင်ငံဘက်ကို စစ်ဘေးရှောင် ထွက်ပြေးနေကြရာမှာ ထိုင်းအစိုးရက နေရာချထားပေးပြီး စားသောက်ရေးတွေ စီစဥ်ပေးထားပေမဲ့ အေးတဲ့ရာသီဥတုကြောင့် ခြုံစောင်၊ အခင်းနဲ့ အနွေးထည်တွေလိုအပ်နေပါတယ်။ 

စကခ ၁၃ လက်အောက်ခံ ခမရ ၅၆၀ မြန်မာစစ်တပ်ဟာ ကေအန်ယူထိန်းချုပ်နယ်မြေ လေးကေ့ကော်ဒေသထဲ ဝင်ရောက်လာတာကြောင့် ဒီဇင်ဘာ ၁၅ ရက်က စတင်ပြီး ဒီနေ့မနက်အထိ နှစ်ဘက်တပ်တွေဟာတိုက်ပွဲပြင်းထန်ဖြစ်ပွားနေတာပါ။

တိုက်ပွဲကြောင့် လေးကေ့ကော်နဲ့ အနီးနားတဝိုက်ကရွာသားတွေ ဒီဇင်ဘာ ၁၆ ရက်က  ထောင်နဲ့ချီပြီး သောင်ရင်းမြစ်ကို ဖြတ်ကျော်ကာ ထိုင်းဘက်ခြမ်း တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ် မယ်သောင်အုပ်စုဘက်ကို ထွက်ပြေးခိုလှုံနေကြတာလည်းဖြစ်ပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီတပ်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကျည်ဟာ ထိုင်းဘက်ခြမ်းကိုပါ နှစ်ကြိမ်ကျရောက်ခဲ့ပြီး သောင်ရင်းမြစ် ကမ်းနံဘေးရှိ ထိုင်းရွာသားပိုင် ကြံခင်းနဲ့ သီးနှံစိုက်ခင်းထဲပါ ကျသွားကြောင်း၊ ကြံပင်တွေ မီးလောင်ပျက်စီးမှုရှိခဲ့ပြီး ထိုင်းရွာသားတွေပါ ထွက်ပြေးခဲ့ရတယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။

ထိုင်းဘက်ကို အကူးမှာ မြန်မာစစ်တပ်က လိုက်လံပစ်ခတ်နေတာကြောင့် ထွက်ပြေးမလာနိုင်တော့ဘြ ကျန်နေတဲ့သူတွေလည်း အများအပြား ရှိသေးတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၆ ရက် ညပိုင်းအထိ တိုက်ပွဲရှောင်ရတဲ့ ရွာသားပေါင်း ၂၅၀၀ ကျော်ရှိပြီး ထိုင်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက သူတို့ကို နယ်စပ်နဲ့ ၃ ကီလိုကွာဝေးတဲ့ မဲဆောက်မြို့ မယ်သောင်ကန်ကျေးရွာက စာသင်ကျောင်း၊ ဓမ္မာရုံတွေမှာ သီးသန့် နေရာချထားပါတယ်။

စစ်ဘေးရှောင်တွေကို ထိုင်းအစိုးရက နေရာချထားပေးပြီး စားသောက်ရေးတွေ စီစဥ်ပေးထားပေမဲ့ အေးတဲ့ရာသီဥတုကြောင့် ဆောင်၊ အခင်းနဲ့ အနွေးထည်တွေ လိုအပ်နေတယ်လို့ မဲဆောက်မြို့ ရွေ့ပြောင်းအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့၊ မင်းသု၀ဏ္ဏကျောင်းက တာဝန်ရှိသူတဦးက ပြောပါတယ်။

မြန်မာဘက်က ထွက်ပြေးလာကြတဲ့ စစ်ရှောင်တွေဟာ မြ၀တီမြို့နယ် ရေဖြူကုန်း၊ လေးကေ့ကော်၊ မဲ့ထော်သလေး၊ ရှမ်းရွာ၊ စုဂလိ၊ ကွပ်သစ်လမ်းဆုံတွေက အများစုဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ဘေးရှောင်တွေ နေထိုင်စားသောက်ဖို့ ထိုင်းတာဝန်ရှိသူတွေနဲ့ မြန်မာလူမှုကူညီရေးအဖွဲ့တွေက အကူအညီ ပေးနေကြပြီး ကလေးတွေနဲ့ သက်ကြီးတွေပါ ပါတာကြောင့် စောင်၊ အခင်းနဲ့ အနွေးထည်တွေ များစွာလိုအပ်နေတယ်လို့ သိရပါတယ်။

လေးကေ့ကော်မြို့သစ်မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်တွေ  ဒီနေ့မနက် ၉ နာရီကျော်လောက်ကစပြီး တိုက်ပွဲဆက်လက် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up