Home
မြန်မာသတင်း
ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးဥပဒေကြမ်း လွှတ်တော်တင်
ရွှေအောင်
·
January 22, 2014
ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးဥပဒေကို ဇန်န၀ါရီလ ၂၂ ရက်နေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်ထဲ တင်သွင်းလိုက်ပြီး လွှတ်တော်အနေနဲ့ ဖေဖော်ဝါရီလ ပထမပတ်အတွင်း အတည်ပြုနိုင်အောင် ကြိုးပမ်း သွားမယ်လို့ စုံစမ်းသိရှိရပါတယ်။ parliment meetingပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ဥပဒေကြမ်းကို လွှတ်တော်မှာ တင်သွင်းတာဖြစ်ပြီး ဥပဒေကြမ်းတင်သွင်းပြီးတဲ့နောက် လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ပြောကြားလိုက်တာဖြစ်တယ်လို့ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပါတယ်။ “ဖေဖော်ဝါရီ ပထမအပတ်ထဲလောက်ကို ပြတ်နိုင်အောင်တော့ ကြိုးစားပါ့မယ်လို့ လွှတ်တော် ဥက္ကဌကပြောတယ်။ တကယ်လို့ မပြတ်ခဲ့လို့ရှိရင်လည်း မြန်မြန်ထက်ထက် တက်နိုင်သလောက် ကြိုးစားပေးမယ်ပေါ့။ အပြီး ပြတ်နိုင်အောင် လုပ်မယ်လို့တော့ မပြောပါဘူး။ ဒီနေ့ ပြောသွားတာပါ။ လွှတ်တော်ကိုလည်း အသိပေးတာပေါ့။ ဒါက အရေးကြီးနေတယ်။ နိုင်ငံတကာ နဲ့ ဆက်ဆံတဲ့နေရာမှာ ဒီဥပဒေ မရှိတဲ့ အတွက်ကြောင့်မို့လို့ နိုင်ငံတကာ ဆက်ဆံရေးမှာ မျက်နှာပန်း မလှဘူးဖြစ်နေတယ်။ အဲဒါကြောင့် ဒီဥပဒေထွက်ဖို့ လိုနေတယ်ပေါ့။” ငွေကြေးခ၀ါချမှု ဥပဒေအတည်ပြုပြီးရင် ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး စုံစမ်းရေးအဖွဲ့တွေက နိုင်ငံတကာနဲ့ချိတ်ဆက်ပြီး အရေးယူမှုတွေ ပြုလုပ်သွားနိုင်မယ်လို့ အမရပူရ မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက ပြောပါတယ်။ “ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး စုံစမ်းထောက်လှမ်းရေး အဖွဲ့ကို ဖွဲ့စည်းပြီးပါပြီ။ ဒီဥပဒေ သက်ဝင် လာပြီဆိုရင် ကျနော်တို့တွေ အပြည်ပြည်ဆိုင်ရာနဲ့ ချိတ်ဆက်လို့ရမယ်။ တပ်ဖွဲ့ဝင်တွေက စုံစမ်းပြီး တိတိကျကျရလာရင် ဒီဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံတကာ ကလည်း မျှော်လင့်နေတဲ့ ဥပဒေတခုဖြစ်တဲ့အတွက် အမြန်ဆုံးအတည်ပြု ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” ငွေကြေးခ၀ါချမှု ဥပဒေမှာ ပုဒ်မပေါင်း ၇၃ ခုရှိပြီး ပုဒ်မငယ်ပေါင်း မြောက်များစွာပါတယ်လို့လည်း သူက ပြောပါတယ်။ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဆွေးနွေးလိုသူတွေ ဇန်န၀ါရီ ၂၆ ရက် နောက်ဆုံးထား စာရင်းပေးဖို့ ပြည်သူ့လွှတ်တော်က ကြေညာထားပါတယ်။ ပြည်သူ့လွှတ်တော်မှာ ဒီနေ့ တင်သွင်းတဲ့ ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမျိုးသား လွှတ်တော်မှာ ဇန်န၀ါရီ ၂၀ ရက်နေ့က တင်သွင်းခဲ့တဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေကြမ်းတို့ဟာ အရေးတကြီးပြဌာန်းဖို့ လိုတယ်၊အမြန်ဆုံး မပြဌာန်းနိုင်ရင် နိုင်ငံတကာက ပိတ်ဆို့အရေးယူတာတွေခံရနိုင်တာမို့ အမြန်ပြဌာန်းပေးဖို့ သမတက လွှတ်တော်ထံ သ၀ဏ်လွှာ ပေးပို့ထားပါတယ်။ အမျိုးသားလွှတ်တော်မှာ တင်သွင်းထားတဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေကြမ်း အတည်ပြု နိုင်ခဲ့ရင် နိုင်ငံတကာအကြမ်းဖက်မှုနိုင်နိမ်းရေးအဖွဲ့တွေနဲ့ ပူးပေါင်း လုပ်ဆောင်နိုင်မယ်လို့ မကွေးတိုင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောပါတယ်။ “အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေကြမ်း ထွက်လာမယ်ဆိုရင် ရိုးရိုး အများပြည်သူ အကျိုးကိစ္စတွေတင် မကဘူး၊ နိုင်ငံတကာနဲ့ ဆက်သွယ်နေတဲ့ အကြမ်းဖက်မှုကို ရည်ရွယ်တဲ့ ပုဂ္ဂိုလ် အကြမ်းဖက်မှုဆိုင်ရာအဖွဲ့အစည်းတွေကို ကူညီခြင်း ထောက်ပံ့ခြင်း ဆက်သွယ်ခြင်း စတဲ့ ကိစ္စရပ်မျိုးတွေဟာ အကြမ်းဖက်ဆိုင်ရာ ကိစ္စတွေထဲ အကျုံးဝင်သွားမယ်။ အဲဒီအပြင်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးမှာ နိုင်ငံရဲ့ စီရင်ပိုင်ခွင့် အာဏာ ဘယ်လိုရှိတယ်ဆိုတာပါ အပြည့်အစုံ ပြဌာန်းထားတယ်။” ဥပဒေကြမ်းတင်သွင်းတဲ့ ပြည်ထဲရေးဝန်ကြီးဌာနတာဝန်ရှိသူတွေနဲ့ လွှတ်တော် ဥပဒေကြမ်း ကော်မတီတို့ အကြေအလည်ညှိနှိုင်း ဆွေးနွေးထားကြတာမို့ ဥပဒေကြမ်း နှစ်ခုစလုံး အချိန်မီ ပြဌာန်းနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024