ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ လူနေအဆောင်တခုမှာ ဒီဇင်ဘာ ၁၃ ရက် ဒီနေ့ ည ၇ နာရီလောက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူငယ်တယောက် ဒဏ်ရာ ရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
“ဒီနေ့ ည ၇ နာရီလောက်က ပေါ်ဆန်းမွှေး ၁ လမ်း၊ အထက ၂ နားက အဆောင်တစ်ခုမှာ ဗုံးပေါက်တာ။ ၇ လုံးလောက်ကွဲတယ်။ ကလေးတယောက် ခြေထောက်တဖက် ပြတ်သွားတယ်ကြားတယ်” လို့ ဒေသခံက ပြောပါတယ်။
ဗုံးပေါက်ပြီး မီးလောင်နေတဲ့ အခန်းကို မီးသတ်တပ်ဖွဲ့က မီးသတ်ပေးနေတယ်လို့ အနီးနားနေသူ တယောက်က ပြောပါတယ်။
“ခုထိတော့ စစ်ကားတွေရော၊ မီးသတ်ကားတွေပါ ရောက်နေတယ်။ အဆောင်ထဲက တဗုန်းဗုန်းကွဲနေတော့ သူတို့လည်း အထဲ မဝင်ကြသေးဘူး၊ ဗုံးစမ်းရင်းကွဲတယ်လို့လည်း ပြောကြတယ်။”
ဗုံးပေါက်ကွဲမှု ဘာကြောင့်ဖြစ်ရတယ်၊ လူထိခိုက်မှုဘယ်လောက်ရှိတယ်ဆိုတာ အတိအကျမသိရသေးဘဲ စစ်ကောင်စီတပ်ဖွဲ့တွေက လုံခြုံရေး ယူထားပြီး နယ်မြေရှင်းလင်းရေးလုပ်နေတယ်လို့ သိရပါတယ်။