မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းတွင် ကုန်ပို့မော်တော်များ မလုံလောက်၍ ကုန်တင်ယာဉ်များ ပိတ်ဆို့နေ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်စပ် ကုန်သွယ်ရေးစခန်းကနေ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကုန်တင်ပို့ရာမှာ မော်တော်ဘုတ်တွေ မလုံလောက်တာကြောင့် ကုန်တင်ထားတဲ့ ကုန်တင်ကားတွေ ပိတ်ဆို့နေတယ်လို့ သိရပါတယ်။ 

တစ်ဖက်ဘင်္ဂလားဒေ့ရှ်ကို ကုန်တင်ပို့နေတဲ့ မော်တော်ဘုတ်က ၈ စီးလောက်သာရှိပြီး ပြည်မက ကုန်စည်တွေ အဝင်များလာတာကြောင့် အခုလို ပိတ်မိနေတာပါ။

"ဟုတ်တယ်။ မော်တော်ဘုတ်တွေ လုံလောက်မူ မရှိဘူး။ ကုန်တွေကလည်းများများ ရောက်လာတာကြောင့်ပါ။ ကုမ္ပဏီတွေဘက်မှာလည်း မော်တော်ဘုတ်တွေ ထိန်းသိမ်းရတာ အခက်အခဲတွေရှိတယ်" လို့ မောင်တောမြို့ကုန်သည်ကြီးများအသင်း တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

မောင်တောချောင်းက ဒီရေအတက်အကျနဲ့ မော်တွေ ဝင်/ထွက်ရတာမို့ ကုန်တွေ အချိန်နဲ့ တပြေးညီ တင်ပို့နိုင်ဖို့ အခက်တွေ့နေကြတာပါ။ 

ကုန်တင်ကားတွေ မောင်တော ဝင်/ထွက်စခန်း POE ဘုတ်ဆိတ်မှာ သောင်တင် ပိတ်ဆို့နေတာကြောင့် လမ်းသွားလမ်းလာပြည်သူတွေလည်း အခက်တွေ့နေကြတာပါ။ 

အခုလို ကြန့်ကြာမှု ရက်ရှည်လာပါက ကြက်သွန်တွေနဲ့ ငါးမြစ်ချင်းတွေ အချိန်မီ မရောက်နိုင်ဘဲ ပျက်စီးဆုံးရှုံးမှုများနိုင်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။ 

"ကညင်ချောင်းစီးပွားရေးဇုန်က လမ်းတွေ မပြုပြင်နိုင်သေးတော အခုထိမဖွင့်လှစ်နိုင်သေးဘူး။ ဘုတ်ဆိတ်ဘက်က ကုန်သွယ်ရတာ ဘယ်လိုမှအဆင်မပြေနိုင်ဘူး။ ဒီရေမရှိတော မော်တော်ဘုတ်ရှိရင်လည်း ကုန်တွေတင်လို့ မရနိုင်ပါဘူး။ ဇုန်မှာဆိုတော့ ကားတွေကြိုက်သလောက် ရပ်လို့ရတယ်။ အခုက လမ်းပိတ်ဆိုတာတွေ ဖြစ်တာပေါ့” လို့ ကုန်သည် မာမတ်ဆီဒတ်က ပြောပါတယ်။

ရခိုင်ပြည်နယ်ကနေ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အောက်တိုဘာ ၁၃ ရက်နေ့က စတင်ပြီး ကုန်သွယ်ခွင့် ရရှိခဲ့ပေမယ့် မောင်တောနယ်စပ်ကုန်သွယ်ရေး စခန်းမှာ အောက်တိုဘာလ ၂၀ ရက်နေ့က စတင်ကုန်သွယ်ခဲ့ရတာပါ။ 

အောက်တိုဘာ ၃၁ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၃ သိန်း ၄ သောင်း ၆ ထောင်ဖိုးလောက် ကုန်သွယ်နိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာကေ တင်ပို့ကုန်ကုန်ပမာဏ ကန်ဒေါ်လာ ၁၅၈၃၃၃၅ အထိ ပိုမိုကုန်သွယ်နိုင်ခဲ့တယ်လို့ မောင်တောနယ်စပ် ကုန်သည်ကြီးများအသင်းက သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up