Live
Home
မေးမြန်းခန်း
“စစ်တပ်ကို အမြစ်ပြတ်ချေမှုန်းမှရမယ်ဆိုတဲ့ဟာ ပိုပိုပြီး ပေါ်လွင်လာတယ်”- သံအမတ်ကြီး ဦးကျော်မိုးထွန်း
DVB
·
December 11, 2021

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုမှုနဲ့ ပတ်သက်ပြီး အရည်အချင်းစစ် စိစစ်ကော်မတီ  credentials committee ရဲ့ ဆုံးဖြတ်ချက်အပေါ် ကုလသမဂ္ဂအထွေထွေညီလာခံကနေ အတည်ပြုလိုက်ပြီး နောက်ဖြစ်ပေါ်တိုးတက်မှု အခြေအနေတွေနဲ့၊ စစ်ကောင်စီတပ်တွေက  အပြစ်မဲ့ ရွာသားတွေကို  သတ်ဖြတ်မီးရှို့၊  ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေကို ကားနဲ့တိုက်ခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်တွေကို  နိုင်ငံတကာအသိုက်အဝန်းက အရေးယူဆောင်ရွက်နေတဲ့ အခြေအနေ တွေနဲ့ ပတ်သက်ပြီး  ကုလသမဂ္ဂအမြဲတမ်း ကိုယ်စားလှယ် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ 

မေး။ လက်ရှိအနေအထားတွေက သံအမတ်ကြီးက ကြားကာလတခုမှာ ကုလသမဂ္ဂမှာ အမြဲတမ်း ကိုယ်စားလှယ်အဖြစ် ဆက်ရှိနေမယ့် အဓိပ္ပာယ်မျိုးလားရှင့်။ ဒါနဲ့ ပတ်သက်ပြီး နည်းနည်းလောက် ရှင်းပြပေးပါဦး။

ဖြေ။ ဟုတ်ကဲ့။ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။ ခုနက ဆရာမ ပြောသွားတဲ့အတိုင်းပေါ့နော်။ ဒီဇင်ဘာလ ၁ ရက်နေ့မှာ credentials committee ပေါ့နော်။ အဖွဲ့ဝင် ၉ နိုင်ငံပါဝင်တဲ့ credentials committee အစည်းအဝေးလုပ်ပါတယ်။ အစည်းအဝေးပြီးပြီးချင်းပဲ credentials committee ဥက္ကဋ္ဌက သတင်းမီဒီယာတွေနဲ့ တွေ့တဲ့အချိန်မှာ သူ ပြောသွားတာ ရှိပါတယ်။ အဲဒါကတော့ မြန်မာနိုင်ငံနဲ့ အာဖဂန်နစ္စတန်တို့ရဲ့ ကိုယ်စားပြုမှုနဲ့ ပတ်သက်ပြီးတော့ ဆုံးဖြတ်မယ့်ဟာကို defer လုပ်(ရွှေ့ဆိုင်း)ပါတယ်တဲ့ ဆိုတဲ့ဟာကို အဖွဲ့ဝင်နိုင်ငံများ တူညီဆန္ဒနဲ့ အတည်ပြုခဲ့တယ်ပေါ့။ ပြီးတော့ ၆ ရက်နေ့မှာ credentials committee က တင်ပြတဲ့ အစီရင်ခံစာကို ကုလသမဂ္ဂ အထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးက အတည်ပြုခဲ့တယ်ပေါ့။ 

ဆိုတော့ ယေဘုယျအားဖြင့် လက်ရှိ တာဝန်ယူနေတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် အနေနဲ့ လက်ရှိတာဝန်တွေကို အရင်အတိုင်း ၇၅ ကြိမ်မြောက်မှာ ဆောင်ရွက်ခဲ့တဲ့အတိုင်းရော ဒီ ၇၆ ကြိမ်မြောက် အရှေ့ပိုင်းမှာ ဆောင်ရွက်ခဲ့တဲ့အတိုင်းရောပေါ့နော် ဒီတိုင်း ဆက်လက် ဆောင်ရွက်သွားမယ်ဆိုတာကိုတော့ အားလုံး နားလည်ထားကြပါတယ်။ အစီရင်ခံစာထဲမှာ အသေးစိတ် မဖော်ပြထားသော်လည်းပေါ့နော်။ အခု လက်ရှိသွားနေတဲ့အတိုင်း ဆက်သွားတယ် ဆိုတာမျိုးကို ကျနော့်အနေနဲ့လည်း ယခင်လုပ်ခဲ့တဲ့အတိုင်း ဆက်လက်ပြီးတော့ ဆောင်ရွက်သွားဖို့ ရှိပါမယ်။ 

ဆိုတော့ ပြန်ကြည့်လိုက်ရင် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်ကောင်စီက အာဏာသိမ်းတယ်။ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ကျနော် အထွေထွေညီလာခံမှာ မိန့်ခွန်းပြောပြီးတော့ ကျနော့်အနေနဲ့ ပြည်သူ့ဘက်က ရပ်တည်တယ်ဆိုတာ ထုတ်ဖော်ပြောခဲ့တယ်။ ဖေဖော်ဝါရီ ၂၇ မှာ ကျနော့်ကို Dismiss (ထုတ်ပယ်) ခဲ့တယ်။ ဒါပေမဲ့လည်း ကျနော့်အနေနဲ့ ရွေးကောက်ခံအစိုးရက ခန့်အပ်တဲ့အတွက်ကြောင့် ဆက်ရှိမယ်ဆိုတာမျိုးနဲ့ ပြောပြီးတော့ ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌ ဆီကိုရော၊ အထွေထွေ အတွင်းရေးမှူးချုပ်ဆီကိုရော အကြောင်းကြားခဲ့တယ်။ ဒါကြောင့် ဒီတိုင်းပဲ အဲဒီနောက်ပိုင်းမှာလည်း ကျနော့်အနေနဲ့ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရဲ့ လုပ်ဆောင်ရမယ့် ဥစ္စာတွေအကုန်လုံးကို ဆက်လက်လုပ်ဆောင်ခဲ့တယ်။ အခုထိ အဲလို လုပ်ဆောင်တယ်။ ၆ ရက်နေ့မှာ ကုလသမဂ္ဂ အထွေထွေညီလာခံကနေပြီးတော့ credentials committee ရဲ့ Report ကို အတည်ပြုပြီးတဲ့နောက်မှာလည်း ဒီတိုင်း ဆက်လက်ဆောင်ရွက်လျက် ရှိပါတယ်။ ဘာကို ဥပမာပေးပြီး ကြည့်ရမလဲဆိုရင် ၆ ရက်နေ့ မွန်းလွဲမှာ ပထမကော်မတီက တင်ပြတဲ့ အစီရင်ခံစာပေါ့နော်၊ ကော်မတီမှာ ပြီးခဲ့တဲ့ အောက်တိုဘာ၊ နိုဝင်ဘာတုန်းက တောက်လျှောက်လုပ်ခဲ့တဲ့ ကော်မတီရဲ့ လုပ်ငန်းစဉ်တွေ၊ နောက်ပြီးတော့ ဆုံးဖြတ်ချက် အဆိုမူကြမ်းတွေကို မျက်နှာစုံညီအစည်းအဝေးကို တင်ပြ အတည်ပြုချက်ယူပါတယ်။ အဲဒီမှာလည်း ဆုံးဖြတ်ချက် အဆိုမူကြမ်းတွေနဲ့ ပတ်သက်ပြီးတော့ မဲခွဲတာတွေ ဘာတွေရှိတယ်။ ကျနော်တို့ ဦးဆောင်တင်တဲ့ Nuclear disarmament (နျူကလီးယားဖျက်သိမ်းရေး)နဲ့ ပတ်သက်တဲ့ အဆိုမူကြမ်းကိုလည်း မဲခွဲအတည်ပြုတာတွေ ရှိတယ်။ အဲဒီမှာလည်း ကျနော့်အနေနဲ့ မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်တွေကို ပါဝင်မဲပေးမှုတွေ လုပ်ခဲ့တယ်။ ဆိုတော့ ပြန်ပြီးတော့ ချုပ်ပြောရရင် ကျနော်တို့ အရင်လုပ်တဲ့အတိုင်း မြန်မာအမြဲတမ်းကိုယ်စားလှယ်ရဲ့ လုပ်ဆောင်ရမယ့်ဟာတွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်ဆိုတာလေးလည်း အသိပေး ပြောကြားလိုပါတယ်ခင်ဗျ။ 

မေး။ သက်တမ်းနဲ့ ပတ်သက်ပြီးတော့ တိတိကျကျတော့ ပြောလို့ မရသေးဘူးပေါ့နော်။

ဖြေ။ ဟုတ်ပါတယ်ခင်ဗျ။ ဒါပေမဲ့ ယေဘုယျ နားလည်ထားကြတာကတော့ ၇၆ ကြိမ်မြောက် တောက်လျှောက်လို့တော့ နားလည်ထားကြပါတယ်ခင်ဗျ။ ဒါပေမဲ့ အချိန်မရွေး credentials committee က အဖွဲ့ဝင်နိုင်ငံတနိုင်ငံက အစည်းအဝေးခေါ်စေချင်တယ်ဆိုရင် ပြန်ခေါ်တဲ့ အနေအထားမျိုးတော့ ရှိတတ်ပါတယ်။ မုချပြောလို့မရပေမဲ့ ယခင်အစဉ်အလာတွေက တောက်လျှောက်သွားလို့ရတယ် ဆိုတာလေးတော့ အသိပေး တင်ပြချင်ပါတယ်။

မေး။ ဟုတ်ကဲ့။ အခု ကုလသမဂ္ဂရဲ့ အနေအထားပေါ့နော်။ မြန်မာနိုင်ငံရဲ့ ပြဿနာကို အာဆီယံဘက်ကို လွှဲလိုက်တဲ့ အနေအထားမျိုးလို ဖြစ်နေတာပေါ့နော်။ တချို့ ဝေဖန်ကြတာက ကုလက ငြိမ်နေတယ်။ ကုလက ကြေညာချက်တွေပဲ ထုတ်နေတယ်ဆိုတာမျိုး ဝေဖန်ကြတာမျိုး ရှိတယ်။ နောက်ပြီး ဖမ်းဆီး ထိမ်းသိန်းခံရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးတို့လို ထိပ်တန်းနိုင်ငံရေးသမားတွေနဲ့ပတ်သက်ရင် ဒါထက်ပိုပြီး အသံထွက်ဖို့ လိုတယ်ပေါ့နော်။ နောက်ပြီး ယူအန်ရဲ့ ကိုယ်စားလှယ်အနေနဲ့ တွေ့ဆုံခွင့်တောင်းသင့်တယ် ဆိုတာမျိုးအထိပေါ့။ ဒါနဲ့ ပတ်သက်ပြီးရော သံအမတ်ကြီးရော ဘယ်လို နားလည် သဘောပေါက်ထားပါသလဲရှင့်။

ဖြေ။ ကျေးဇူးပါပဲခင်ဗျ။ ကုလသမဂ္ဂအနေနဲ့ အစောက ပြောသလိုပေါ့။ ကုလသမဂ္ဂကတော့ intergovernmental organization ဖြစ်တဲ့အတွက် အဖွဲ့ဝင်နိုင်ငံတွေက ပေးတဲ့ mandate ကို အခြေပြုပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရော၊ အတွင်းရေးမှူးချုပ်ရုံးရော ဆောင်ရွက်ရတာလေးတွေ ရှိပါတယ်။ ပြည်သူတွေ အားမလိုအားမရ ဖြစ်တယ်ဆိုတာတွေလည်း ရှိသလို ကျနော်တို့ကိုယ်တိုင်လည်း အားမလိုအားမရဖြစ်တာတွေလည်း အများကြီးရှိပါတယ်။ ဘာဖြစ်ဖြစ် ကျနော်တို့လည်း တောက်လျှောက် တောင်းဆိုနေတာ ရှိတယ်။ ကုလသမဂ္ဂအနေနဲ့ ဆုံးဖြတ်ချက်တွေကို action တွေကို decisively လုပ်ဖို့ဆိုတာကို ကျနော်တို့ ပြည်သူတွေ တောင်းဆိုသလို ကျနော်တို့ ဒီဘက် မျက်နှာစာမှာလည်း တတ်နိုင်သမျှ အခွင့်အရေး ရရင်ရသလို တောင်းဆိုနေတာလည်း ရှိတယ်။ NUG လည်း တောင်းဆိုနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ Statement ထုတ်ရုံလောက်နဲ့၊ ပြောကြားရုံလောက်နဲ့ မလုံလောက်ဘူးဆိုတာ တောက်လျှောက် ကျနော်တို့ ပြောနေတာရှိတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးမှာ ရှိတဲ့သူတွေရော၊ ကုလသမဂ္ဂ အသိုင်းအဝိုင်းမှာ ရှိတဲ့သူတွေရော ဒါကိုတော့ နားလည်တယ်။ 

ဒါပေမဲ့ တချိန်တည်းမှာ intergovernmental organization ဖြစ်တဲ့အတွက်ကြောင့် တနိုင်ငံကသော်လည်းကောင်း၊ အစုအဖွဲ့တခုကသော်လည်းကောင်း လုပ်ချင်ပေမဲ့ တချို့နိုင်ငံတွေအနေနဲ့ လုပ်ပါလို့သော်လည်းကောင်း သဘောတူညီချက်ကို ပွင့်ပွင့်လင်းလင်း မပေးနိုင်သေးသမျှ ကာလပတ်လုံးကတော့ ရှေ့သွားတဲ့ဟာ ခုနကလိုမျိုး decisive action ယူတဲ့ဟာ နှေးနေတာမျိုး ရှိပါတယ်။ ခုနက လုပ်ပိုင်ခွင့်ကို အာဆီယံကို ပေးလိုက်တယ်ဆိုတာကတော့ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေ၊ ထုတ်ပြန်တဲ့ အချက်အလက်တွေပေါ်မှာတော့ တယောက်နဲ့ တယောက်တော့ ဘာသာပြန်မှုတော့ နည်းနည်းတော့ လွဲတတ်တာမျိုးရှိပါတယ်။ 

ကျနော်တို့ ဒီဘက် နိုင်ငံတကာမျက်နှာစာတွေမှာ ယေဘုယျအားဖြင့် ဒေသတွင်းရဲ့ အဖွဲ့အစည်းတွေရဲ့ ဆောင်ရွက်ချက်ကို အားပေးလေ့ရှိတယ်။ ဒေသတွင်း ဆောင်ရွက်ချက်တွေ မအောင်မြင်တော့မှ အဲဒီဒေသရဲ့ အပြင်ဘက်ကို ရောက်ပြီးတော့ နိုင်ငံတကာမျက်နှာစာကနေ action ယူတယ်ဆိုတာမျိုး ဒါကတော့ ပုံမှန်က ကြည့်လိုက်ရင် နိုင်ငံတခုမှာဖြစ်တယ်၊ အဲနိုင်ငံက ဖြေရှင်းနိုင်လား။ မဖြေရှင်းနိုင်ရင် ဒေသတွင်းက ဖြေရှင်းနိုင်လား။ ဒေသတွင်းက မဖြေရှင်းနိုင်ရင် နိုင်ငံတကာမျက်နှာစာက ဖြေရှင်းမလားဆိုတာမျိုး သွားကြတာ ရှိပါတယ်။ အခုဆိုရင် အာဆီယံက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ 5 point consensus (ဘုံသဘောတူညီချက် ၅ ရပ်) ပေါ့နော်။ ဘာပဲပြောပြော ကျနော်တို့ မြန်မာပြည်သူအများစုအနေနဲ့ 5 point consensus ပေါ်လည်း လုံးဝဥဿုံ ကျေနပ်လားဆိုလည်း မကျေနပ်ပါဘူး။ ပွင့်ပွင့်လင်းလင်းပြောရင် လိုအပ်တဲ့ အဓိက အချက်တွေ မပါတဲ့ အပေါ်လည်း တောက်လျှောက်ပေါ့၊ ဧပြီ ၂၄ ရက်နေ့က ထုတ်ပြန်လိုက်ကတည်းက ထောက်ပြနေခဲ့တာ။ 

ဥပမာ တကယ့်အရေးအကြီးဆုံး အချက်ထဲက တချက်အပါအဝင်ဖြစ်တဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ခေါင်းဆောင်တွေရော မတရား ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့သူတွေရော ခြွင်းချက်မဲ့ အမြန်ဆုံးလွှတ်ပေးဖို့ဆိုတဲ့ အချက်က အဲဒီထဲမှာ မပါလာဘူးပေါ့နော်။ အဲလိုမျိုးလေးတွေ အားနည်းချက်တွေရှိတာကိုလည်း အများလည်း သိပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲမှာလည်း တချို့တွေက အဲဒီအချက်ကို တောက်လျှောက်ကို အခုထိလည်း ပြောနေတယ်။ ဒါပေမဲ့ အခုလိုမျိုး အဖွဲ့အစည်းကနေ ထုတ်ပြန်တဲ့ ဘုံသဘောတူညီချက်ရှိတဲ့ ပုံစံမျိုးမှာတော့ ဒါတွေ မပါလာတာမျိုးတွေ ရှိပါတယ်။ ဒါကတော့ တခါတလေမှာ နိုင်ငံတကာမျက်နှာစာရဲ့ multilateralism ရဲ့ အားနည်းချက် အားသာချက်တွေ ရှိတယ်ဆိုတာမျိုးကိုလည်း အသိပေးလိုပါတယ်။ အထူးသဖြင့် အာဆီယံလိုမျိုး အဖွဲ့အစည်းမှာဆိုရင် အားလုံးကို ဘုံသဘောတူညီချက်နဲ့ပေါ့နော် by consensus နဲ့ လုပ်ကြရတာ ဖြစ်တဲ့အတွက် တချို့ဟာတွေမှာ အားလုံး တူညီချက်ရအောင် လျှော့ပေးလိုက်ရတာတွေ ရှိတယ်လို့တော့ ကျနော် သုံးသပ်ပါတယ်။ ဒါကြောင့် ခုနက ပြောသလို အာဆီယံထဲမှာ ၃၊ ၄၊ ၅ နိုင်ငံက နေပြီးတော့ ဒါကို လွှတ်ပေးပါလို့ တောက်လျှောက် ပြောနေသော်လည်းပဲ အချို့နိုင်ငံလေးတွေက ဒါနဲ့ပတ်သက်လို့ သိပ်ပြီးတော့ သူတို့အနေနဲ့ comfortable မဖြစ်တဲ့ အခြေအနေမျိုးမှာတော့ သူတို့ သဘောတူညီချက်ကို မပေးလိုက်ရင် အဲဒါက သဘောတူညီချက်ထဲမှာ မပါလာတဲ့ အနေအထားမျိုးရှိပါတယ်။ ဒါကြောင့် နိုင်ငံတကာ မျက်နှာစာအနေနဲ့ အာဆီယံကို လွှဲလိုက်တယ်ဆိုတာတော့ တချို့အနေနဲ့တော့ ဒါက အာဆီယံက ဒေသတွင်း အဖွဲ့အစည်းဖြစ်တဲ့အတွက်ကြောင့် အာဆီယံကို ဦးဆောင်ပြီးတော့ လုပ်စေချင်တဲ့ဟာမျိုးနဲ့ ပေးတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့လည်း ကျနော်တို့အနေနဲ့ အမြဲတမ်းထောက်ပြနေတာရှိတယ်။ မြန်မာနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်တယ်။ အာဆီယံရဲ့ အခန်းကဏ္ဍကို အလေးထားတယ်ပေါ့နော်။ ဒါပေမဲ့ တချိန်တည်းမှာပဲ အာဆီယံ အဖွဲ့ဝင်ကြားထဲမှာ တချို့မူတွေအရ လုပ်ချင်တာ လုပ်သင့်တာတွေ ချက်ချင်းလုပ်နိုင်ဖို့ ထိထိရောက်ရောက် လုပ်နိုင်ဖို့တွေမှာ စိန်ခေါ်မှုတွေ ရှိတယ်၊ အကန့်အသတ်တွေ ရှိတယ်။

ဒါကြောင့်မို့လို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဆက်ပြီးတော့ ပါဝင်ဖို့လိုတယ်။ ဆက်ပြီးတော့ စစ်တပ်ကို ဖိအားပေးနေဖို့လိုတယ်။ ဒါကြောင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့ မြန်မာနိုင်ငံကိစ္စမှာ အာဆီယံအနေနဲ့ ဆက်လက်ပြီးတော့ ဆောင်ရွက်ဖို့ လိုတယ်ဆိုတာကို ဒီဘက်မှာလည်း တောက်လျှောက် ပြောနေတာရှိတယ်။  နောက်ပြီး NUG က သက်ဆိုင်ရာ ဝန်ကြီးတွေအနေနဲ့ ကြုံရင်ကြုံသလို တောက်လျှောက်ပြောနေတာရှိတယ်။ ကျနော်က မေတ္တာရပ်ခံရရင် မြန်မာပြည်သူပြည်သားတွေ အကုန်လုံးရော မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဆောင်ရွက်ပေးနေတဲ့သူတွေ အကုန်လုံးရော အာဆီယံရဲ့ ပါဝင်ပတ်သက်မှု တခုတည်းသာမက နိုင်ငံတကာရဲ့ ပါဝင်ပတ်သက်မှုကို ဒီထက် ပါဝင်ဖို့လိုတယ်ဆိုတာ ကိုယ့်ရဲ့ ထောင့်နေရာ အသီးသီးကနေ နိုင်ငံတကာကို ဆက်တိုက်တွန်းပေးဖို့ ကျနော် မေတ္တာရပ်ခံပါတယ်။ ကျနော့်အနေနဲ့လည်း ဒီဘက်မျက်နှာစာမှာ အခွင့်အရေးပေးရင် ပေးသလို နိုင်ငံတကာ အသိုင်းအဝိုင်းတွေနဲ့ တူညီတဲ့အနေအထားမှာ စုဖွဲ့ထားတဲ့ အစုအဖွဲ့သော်လည်းကောင်း၊ ကုလသမဂ္ဂကြီးတခုလုံးသော်လည်းကောင်း စစ်တပ်ကို ပြည်သူ့အာဏာပြည်သူ့ ပြန်ပေးဖို့၊ ဒီမိုကရေစီ ပြန်လည်ရရှိဖို့၊ မတရားဖမ်းဆီးခံထားရသူအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ဖို့၊ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ တည်ထောင်ဖို့ဟာတွေမှာ  ဆက်လက်ပြီး ဖိအားတွေပေးသွားဖို့တော့ ကျနော့်အနေနဲ့ ဆက်လက်ပြီး တိုက်တွန်းနေမယ်။ ဆက်လက်ပြီး မေတ္တာရပ်ခံနေမယ်ဆိုတာ ဒီဗွီဘီကနေတဆင့် မြန်မာပြည်သူပြည်သားတွေကို အခွင့်အရေးလေးရတုန်း တင်ပြချင်ပါတယ် ခင်ဗျ။  

မေး။ ဟုတ်ကဲ့ သံအမတ်ကြီး ကျေးဇူးတင်ပါတယ်ရှင့်။ နောက်တခု မေးချင်တာက ဥပမာ သံအမတ်ကြီးအနေနဲ့ ကနီ ကိစ္စလိုဟာမျိုးတွေကို ယူအန်မှာ တင်သွင်းခဲ့တာတွေ ရှိတာပေါ့နော်။ ခုလည်း အလားတူကိစ္စတွေ ဖြစ်နေတာမျိုး ရှိတယ်။ ဟိုရက်ကဆို ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းမှာ ဖြစ်ခဲ့တဲ့ ကိစ္စမျိုးပေါ့နော်။ ဒုန်းတောရွာမှာ အစုလိုက်အပြုံလိုက် မီးရှို့သတ်ခံရတဲ့ ကိစ္စမျိုးတွေ ရှိနေတယ်ပေါ့နော်။ ဒီရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီးတော့ လူ့အခွင့်အရေးဝန်ကြီးဌာနက ပြောထားတာကတော့ သံအမတ်ကြီးတို့နဲ့ ပူးပေါင်းချိတ်ဆက်ပြီး လုပ်နေတယ်လို့ ပြောထားပါတယ်။ ဒါလေးလည်း နည်းနည်းလောက် ပြောပြပေးပါဦး။ 

ဖြေ။ ကျေးဇူးပါခင်ဗျ။ ဒီမေးခွန်းမေးတဲ့အတွက်လေ။ ကြည့်မြင်တိုင်ကိစ္စ ဖြစ်တာမှာ တနိုင်ငံလုံးမှာ ပြည်သူတွေအနေနဲ့ တော်တော့်ကို စိတ်ထိခိုက်ရတယ်ပေါ့နော်။ ဒီ ဗွီဒီယိုကလစ်ကို ကြည့်လိုက်ရတဲ့ သူတွေအကုန်လုံးက ဘယ်လိုမှ မခံရပ်နိုင်အောင် ခံစားရတယ်။ အဲလိုမျိုး သိသိချင်း ကျနော်လည်း ဒီဘက်မှာရှိတဲ့ အသိုင်းအဝိုင်းထဲမှာ အဲဒီ ဗွီဒီယိုကလစ်ကို မျှဝေပေးခဲ့တယ်။ ဘာပဲပြောပြော ဒါက လူမဆန်တဲ့ လုပ်ရပ်ပေါ့။ ကျနော့်အနေနဲ့လည်း ဖေ့စ်ဘွတ်ခ်ရော၊ တွစ်တာမှာရော ဒီလိုမျိုး လုပ်ရပ်တွေ စစ်ကောင်စီအနေနဲ့ စစ်တပ်အနေနဲ့ နောက်ထပ် ဆက်မလုပ်နိုင်အောင် ဖိအားတွေ ပေးကြဖို့ကို မေတ္တာရပ်ခံခဲ့တယ်။ ဒါနဲ့ပတ်သက်လို့ လူ့အခွင့်အရေးဝန်ကြီးဌာနက ပြောသလို ဆက်လက်ပြီးတော့ နိုင်ငံတကာအသိုင်းအဝိုင်းက သိရှိအောင်တင်မဟုတ်ဘဲ အရေးယူနိုင်အောင် ဆက်လက်ဆောင်ရွက်သွားဖို့ ရှိပါတယ်။ လူ့အခွင့်အရေးနဲ့ဆိုင်တဲ့ မဟာမင်းကြီးရုံးတို့၊ ဒီဘက်မှာရှိတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးတို့ကနေ တဆင့်ပေါ့။ ဖြစ်နိုင်တဲ့ နည်းလမ်းတွေပေါ့နော်။ အခုကတော့ ကျနော်တို့က ဒီ Information ကို provide လုပ်တာပဲ ရှိတဲ့အတွက်ကြောင့်။ ဒါနဲ့ပတ်သက်လို့ ခိုင်မာတဲ့ အချက်အလက်တွေ ပိုပိုရလာတယ်ဆိုရင် ဒီအရေးယူမှုအတွက် ဘယ်လမ်းကြောင်းက လုပ်မလဲ ဆိုတာတွေက အစပေါ့။ ကျနော်တို့က ရတဲ့နည်းလမ်းကို ဆောင်ရွက်သွားဖို့ ရှိတယ်။ 

အဓိက IIMM ကလည်း အချက်အလက်တွေ စုဆောင်းနေတာတွေ ရှိတယ်။ တော်တော်လေးကို ဆိုးရွားတဲ့ ကျူးလွန်မှုတွေအပေါ် Documented လုပ်ထားတာတွေ အများကြီး ရနေပြီပေါ့နော်။ ဒါကြောင့် ဒီ စုဆောင်းတာကနေတဆင့် action ယူတဲ့အဆင့်ကို ရောက်ဖို့တော့ ကျနော်တို့ ဆက်လက်ပြီးတော့ လုပ်သွားဖို့ လိုတယ်ပေါ့။ ခုနကဆိုလည်း အစုလိုက်အပြုံလိုက် မီးရှို့ပြီးသတ်တယ်ဆိုတဲ့ ပုံတွေ ထွက်လာတယ်ဆိုတာလည်း တော်တော် စိတ်မကောင်းစရာပေါ့နော်။ ဒါကြောင့် ကျနော်လည်း ကျနော့် ဖေ့စ်ဘွတ်ခ်မှာလည်း ကားနဲ့ နောက်ကနေ အရှိန်မြှင့်ပြီးတော့ လူတွေကို တိုက်သတ်တဲ့ ပုံစံမျိုးတွေက ပွင့်ပွင့်လင်းလင်းပြောရင် အကြမ်းဖက်လုပ်တဲ့သူတွေပဲ လုပ်တာ။ တော်ရုံလူက ဘယ်တော့မှ မလုပ်ဘူး။ ဒါကြောင့် ဒီစစ်တပ်ကို အားလုံး အများစုကနေပြီးတော့ အကြမ်းဖက်စစ်တပ်ပါလို့ ပြောတဲ့ဟာ အလကားပြောနေတာ မဟုတ်ဘူး။ သူတို့ရဲ့ လုပ်ရပ်တွေကြောင့် ပြောနေတယ် ဆိုတာမျိုးလည်း ကျနော် ပြောလိုပါတယ်ခင်ဗျ။ ဒါကြောင့် မေးခွန်းကို ပြန်ထပ်ဖြေရရင်တော့ ဒီဘက်မျက်နှာစာတွေမှာ ဒါနဲ့ပတ်သက်လို့ ဆိုးရွားစွာ ကျူးလွန်တဲ့ဟာတွေနဲ့ ပတ်သက်ပြီးတော့ အရေးယူလို့ရအောင်တော့ တတ်နိုင်သမျှတော့ ဆက်လက် ဆောင်ရွက်နေပါတယ်။ အဲဒါတွေနဲ့ ပတ်သက်ရင်လည်း အခွင့်အရေး ရရင်ရသလို ပြည်သူ့ထံ ပြန်တင်ပြဖို့တော့ ရှိပါမယ်ခင်ဗျ။ ဒါကြောင့် လူ့အခွင့်အရေးဝန်ကြီးဌာနနဲ့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက အားလုံး ပူးပေါင်းပြီးတော့ ဆောင်ရွက်နေတယ်ဆိုတာလည်း ကျနော် အသိပေး တင်ပြလိုပါတယ်။ ဒီလိုကိစ္စတွေနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေမှာ တင်တဲ့ ဟာတွေရှိတယ်။ တချို့တွေလည်း သတင်းမီဒီယာတွေ မတင်လည်း အချက်အလက်တွေ ရှိနိုင်တယ်။ အဲဒီအချက်အလက်တွေ ရှိတယ်ဆိုရင် လူ့အခွင့်အရေးဝန်ကြီးဌာနတို့ ဆရာ ဒေါက်တာဆာဆာတို့ဆီကို အချက်အလက်တွေ ဆက်လက်ပံ့ပိုးပေးဖို့ကိုလည်း ဒီနေရာကနေ မြန်မာပြည်သူပြည်သားတွေဆီကို  မေတ္တာရပ်ခံလိုပါတယ် ခင်ဗျ။

မေး။ ဟုတ်ကဲ့ သံအမတ်ကြီး ကျေးဇူးတင်ပါတယ်ရှင့်။ နောက်ဆုံးအနေနဲ့ သံအမတ်ကြီးအနေနဲ့ ထပ်ပြီး ဖြည့်စွက်ပြီး ပြောကြားချင်တာများ ရှိပါသေးလားရှင့်။

ဖြေ။ ဟုတ်ကဲ့ ခုနက ကျနော် ဖြေသွားတဲ့အထဲမှာတော့ တော်တော်များများ ကျနော် ပြောချင်တာလေးတွေတော့ ပြောခဲ့ပါတယ်။ ကျနော့်အနေနဲ့တော့ ကုလသမဂ္ဂ credentials committee ကနေပြီးတော့ သူ့အစီရင်ခံစာကို အထွေထွေညီလာခံ မျက်နှာစုံညီကို တင်တယ်။ အထွေထွေညီလာခံကနေပြီးတော့ အတည်ပြုခဲ့ပြီး ဖြစ်တယ်။ ဒါကြောင့် ကျနော့်အနေနဲ့  ကုလသမဂ္ဂ မြန်မာအမြဲတမ်းကိုယ်စားလှယ် လုပ်ငန်းတွေကို ယခင်အတိုင်း ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်သလို ဒီထက်ပိုပြီးတော့ မြန်မာနိုင်ငံ ပြည်သူပြည်သားတွေရဲ့ အသံကို နိုင်ငံတကာအသိုင်းအဝိုင်းက ကြားဖို့အတွက် မြန်မာနိုင်ငံပြည်သူပြည်သားတွေရဲ့ ဆန္ဒကို နိုင်ငံတကာက သိဖို့အတွက် ကျနော် တတ်နိုင်သမျှ အစွမ်းအစရှိသလောက် ဆက်လက်ပြီး ဆောင်ရွက်သွားမယ်ဆိုတာ ကျနော့်ရဲ့ Commitment ကို ဒီမှာ ထပ်လောင်းပြီးတော့ ပြောလိုပါတယ်။ နောက်တခုကတော့ ကျနော်တို့တွေ အခုကြည့်လိုက်ရင် စစ်ကောင်စီဘက်ကနေ ပြီးတော့ ပြည်သူတွေအပေါ် တုံ့ပြန်မှုက အရမ်းပြင်းထန်လာတယ်၊ အရမ်းရက်စက်ကြမ်းကြုတ်လာ တယ်ပေါ့နော်။ အဲဒီ ရက်စက်ကြမ်းကြုတ်မှုတွေကို ကျနော်တို့ရဲ့ ပြည်သူတွေရဲ့ စုပေါင်းအင်အားနဲ့ ပြန်လည်တိုက်ထုတ်ရဖို့ ရှိတယ်။ ပြန်လည်တွန်းလှန်ရဖို့ ရှိတယ်။ ဒါကြောင့်မို့လို ကျနော်တို့ရဲ့ ပြည်တွင်းမှာရှိတဲ့ ပြည်သူပြည်သားတွေ ပြည်ပမှာရှိတဲ့ ပြည်သူပြည်သားတွေ အကုန်လုံး ကျနော်တို့ မြန်မာပြည်သူပြည်သားတွေအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ အခုက အရမ်းအရမ်းကို အရေးကြီးတဲ့အတွက်ကြောင့် စစ်တပ် အမြစ်ပြတ်ချေမှုန်းမှ ရမယ်ဆိုတဲ့ဟာ ပိုပိုပြီး ပေါ်လွင်လာတယ်။ 

ဒါကြောင့် အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ လက်ချင်းယှက်ပြီးတော့ ကျနော်တို့ ရည်မှန်းတဲ့ပန်းတိုင် မရောက်မချင်း ဆက်လက် ဆောင်ရွက်သွားကြဖို့အတွက် ဒီကနေပြီးတော့ မေတ္တာရပ်ခံလိုပါတယ်။ ကျနော့်အနေနဲ့လည်း ဒီဘက်မျက်နှာစာမှာ လုပ်လို့ရတာတွေကို ဆက်လက်လုပ်သွားမယ်ဆိုတာ မြန်မာပြည်သူ ပြည်သားတွေကို အသိပေး တင်ပြလိုပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024