ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF-DMO)၊ တပ်ရင်း( i ) က တပ်ဖွဲ့ဝင်ရဲဘော်တွေဟ စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ကို ခုခံကာကွယ်နိုင်ဖို့ ပြင်းပြင်းထန်ထန် စစ်ရေးလေ့ကျင့်နေကြပါတယ်။
“ကျနော်တို့ ဒေသကို ကျနော်တို့ မကာကွယ်နိုင်ရင် အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းတွေက ရွာသား နေအိမ်တွေကို မီးရှို့ဖျက်ဆီးနိုင်တယ်။ အပြစ်မဲ့ ပြည်သူတွေကိုလည်း ဖမ်းဆီးသတ်ဖြတ်မှာ စိုးရိမ်လို့ ကျနော်တို့ ပြင်းပြင်းထန်ထန် လေ့ကျင့်ပြီး ခုခံကာကွယ်နိုင်ဖို့ ကြိုးစားနေတာပါ” လို့ ဒီးမော့ဆို PDF တပ်ရင်း( i ) တပ်သားတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဒီးမော့ဆို၊ ဖယ်ခုံ၊ လွိုင်ကော်နဲ့ မိုးဗြဲမြို့က အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေကို ရာနဲ့ချီ မီးရှို့ဖျက်ပြီး လက်နက်ကြီးနဲ့လည်း ပစ်ခတ်ခဲ့လို့ ဘာသာရေး အဆောက်အအုံတွေအပါအဝင် လူနေအိမ် အများအပြား ကျည်ထိမှန်ပျက်စီးခဲ့ရပါတယ်။
ဒါ့ကြောင့် မိမိရပ်ရွာနဲ့ဒေသကို မိမိကိုယ်တိုင်သာ ခုခံကာကွယ်နိုင်မှ ဖြစ်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ စစ်ရေးသင်တန်းတွေကို အပြင်းအထန်လေ့ကျင့်နေတာဖြစ်တယ်လို့လည်း သင်တန်းသားတွေက ဆိုပါတယ်။
စစ်သင်တန်းတက်နေတဲ့ ရဲဘော်တယောက်က “ကျနော်တို့ ရှေ့မှာပဲ အကြမ်းဖက်စစ်တပ်က ကျနော်တို့ရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ခရီးသွားအရပ်သားတွေကို ပစ်သတ် မီးရှို့အလောင်းဖျောက်တာတွေရှိခဲ့တယ်။ ဒီလို အဖြစ်မျိုးထပ်အဖြစ်မခံနိုင်တော့လို့ ကိုယ့်ဒေသကို အသက်စွန့်ကာကွယ်ဖို့ ပြင်းပြင်းထန်ထန်လေ့ကျင့်နေတာပါ” လို့ ပြောပါတယ်။
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ နေ့စဉ်စစ်ရေးလှုပ်ရှားမှုတွေရှိနေပြီး ပစ်ခတ်တိုက်ခိုက်မှုတွေလည်း ရှိနေပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်က ကျေးရွာတွေအတွင်းကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေနဲ့ နေ့စဉ်ဆိုသလို ပစ်ခတ်နေတာကြောင့် အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေလည်း ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
ဒီးမော့ဆိုမြို့နယ်မှာ PDF တပ်ရင်း (၁၀)ရင်း၊ တပ်သားအင်အား ၃၀၀၀ ကျော်ရှိကာ သူတို့တွေ အတွက် ခေတ်မီလက်နက်တွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။