စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲမှာ ဒီဇင်ဘာ ၈ ရက်နဲ့ ၉ ရက်နေ့တွေက မိုင်းခွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သား အယောက် ၃၀ ကျော်လောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတယောက်က ပြောပါတယ်။
ဆားလင်းကြီးမြို့နယ် ဒုန်းတောရွာက ပြည်သူတွေကို မီးရှို့သတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်ကို လမ်းတလျှောက်မှာ မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
One Star Task Force အဖွဲ့ တာဝန်ရှိသူတယောက်က “ဒုန်းတောရွာမှာ မီးရှို့ပြီး ဝမ်ပေါင်မှာ ညအိပ်တယ်။ နောက်နေ့ကျ ဆက်ထွက်ပြီး တည်ပင်ကန်မှာ အိပ်တယ်။ အဲဒီကို ကျနော်တို့က လက်နက်ကြီးတွေနဲ့ ပစ်တော့ သူတို့ကလည်းပြန်ရမ်းပစ်တယ်။ အဲဒီမှာ ဘယ်လောက်သေတယ်တော့မသိရဘူး။ အဲဒီကနေ ယင်းမာပင်ကို ထွက်လာတော့ (--) တွေ ကားနှစ်စီးနဲ့ရော လမ်းလျှောက်တာရောပါလာတယ်။ ကျနော်တို့မိုင်းကွင်းနားရောက်တော့ ခွဲလိုက်တယ်။ လမ်းလျှောက်လာတဲ့ ၅ ယောက်ထဲက ၃ ယောက်က အဲမှာတင်သေသွားတယ်။ နောက် ၂ ယောက်က ခဏလျှောက်နေပြီး လဲကျသွားတယ်။ ပြီးတော့ ကား နှစ်စီးမှာ ရှေ့ကားကို မိုင်းဆက်ခွဲတယ်။ အဲမှာ ပါလာတဲ့ ၁၅ ယောက်လုံး တယောက်မှ မလှုပ်တော့ဘူး။ မိုင်းရှင်းဖို့ လာတဲ့ ၃ ကောင်ကိုလည်း မိုင်းခွဲလိုက်တာ တစစီပဲ” လို့ ပြောပါတယ်။
ကျန်နေတဲ့ ကားတစီးက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတာကြောင့် သေသွားသူတွေဆီက လက်နက်ကြီးတွေယူဖို့ အခွင့်မသာခဲ့ဘဲ မနက်ပိုင်းကနေ နေ့လယ် ၂ နာရီလောက်အထိ ပစ်ခတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
မနေ့ကလည်း စစ်ကောင်စီတပ်သားတွေလိုက်ပါလာပြီး တည်ပင်ကန်ကနေ ယင်းမာပင်ဘက်ကို သွားနေတဲ့ Express ကား ၂ စီးကို မိုင်းခွဲခံရပြီး စစ်သား ၁၀ ယောက်လောက် သေဆုံးတယ်လို့ သိရပါတယ်။
ဒီစစ်ဆင်ရေးတွေကို One Star Task Force အဖွဲ့နဲ့ တခြားမဟာမိတ်အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ပြောပါတယ်။
အခုတော့ ဆားလင်းကြီးမြို့နယ်ထဲမှာ စစ်ကောင်စီဘက်က လေယာဉ်နဲ့ စစ်အင်အားဖြည့်လာနေပါ တယ်။