မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာရဲကင်းစခန်းနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့ရာမှာ ကလေးငယ် တယောက်နဲ့ အမျိုးသမီးကြီး တယောက် ထိခိုက်ဒဏ်ရာ ရရှိသွားပါတယ်။
ရေးမြို့နယ် ကျောင်းရွာရဲကင်းစခန်းနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ဒီဇင်ဘာ ၈ ရက် ညနေ ၅ နာရီခွဲလောက်က ပစ်ခတ်ခံရပြီးနောက် ည ၈ နာရီခွဲလောက်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာပါ။
ပစ်ခတ်မှုကြောင့် ကျောင်းရွာတိုက်နယ် အရှေ့ဘက် မုနိတောင် ဘုန်းကြီးကျောင်းပေါ် လက်နက်ကြီးကျပြီး ကလေးငယ်တယောက် နဖူးဒဏ်ရာရပြီး၊ အမျိုးသမီးကြီး တယောက် ပေါင်မှာ ပြင်းထန်ဒဏ်ရာရရှိပြီး မော်လမြိုင်ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ကုသ ပေးလိုက်ရပါတယ်။
အဆိုပါ ကျောင်းရွာကျေးရွာရဲကင်းစခန်းနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ဗုံးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ရာမှာတော့ ရဲတယောက်၊ ကျေးရွာ ပြည်သူ့စစ်အဖွဲ့ဝင် နှစ်ယောက်၊ စစ်မှုထမ်းဟောင်း တယောက်နဲ့ အရပ်သား တယောက် ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အခုလက်ရှိ ရေးမြို့နယ်ရဲ့ မြို့အဝင်ထွက်အားလုံးမှာ လုံခြုံရေးတွေ စစ်ဆေးမှုတွေ ပိုမိုတင်းကျပ် လုပ်ဆောင်နေလို့ ခရီးသွားလာသူတွေ အခက်ခဲတွေရှိကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်တွေက ကေအန်ယူတပ်ဖွဲ့နဲ့ ရေး PDF တို့က စစ်ကောင်စီ တပ်တွေကို တိုက်ခိုက်ခဲ့တာတွေကြောင့် စစ်ကောင်စီဘက်က အနည်းဆုံး ၁၀ ယောက် ထက်မနည်း သေဆုံးခဲ့ပါတယ်။