မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သံလျှက်မှော်တောင်ရပ်ကွက်၊ အ.ထ.က(ခွဲ) (၁၈) အနီးမှာ ဒီဇင်ဘာ ၈ ရက် မနက် ၈ နာရီလောက်က ဗုံးပေါက်ကွဲပြီး စစ်ကောင်စီတပ်က ဗိုလ်မှူး ၁ ယောက် အပါအဝင် ၃ ယောက်ဒဏ်ရာရှိခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ သိရပါတယ်။
“ကျောင်းနားမှာ ပေါက်ကွဲတာ။ မြေမြုပ်မိုင်းလို့လည်း ပြောတယ်။ ပေါက်ပြီးပြီးချင်းတော့ အစစ်အဆေးတွေရှိတယ်။အခုတော့မရှိတော့ဘူး။” လို့ ရပ်ကွက်နေပြည်သူတယောက်က ပြောပါတယ်။
ဒဏ်ရာရသူတွေဟာ ဗိုလ်မှူး စိုးမင်းထိုက်၊ တပ်သားချစ်ကိုဝင်းနဲ့ တပ်သား စန်းညွှန့်ထွန်းတို့ ဖြစ်ကြပြီး ဗိုလ်မှူးစိုးမင်းထိုက်မှာ မျက်ခွံမိုင်းစထိမှန်ဒဏ်ရာ၊ တပ်သား ချစ်ကိုဝင်းမှာ တံခေါက်ကွေး၊ လက်ဖျံမိုင်းစထိမှန်ဒဏ်ရာ၊ တပ်သား စန်းညွှန့်ထွန်းမှာ တံခေါက်ကွေးမိုင်းစ ထိမှန်ဒဏ်ရာတို့ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဆွမ်းခံကြွလာတဲ့ ရဟန်း တပါးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အလားတူ ပြည်ကြီးတံခွန်မြို့နယ် (စ)ရပ်ကွက်နဲ့ (ဃ)ရပ်ကွက်တို့မှာလည်း မနေ့ မနက်ပိုင်းက ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုများ ဖြစ်ပွါးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
(စ)ရပ်ကွက် ၁၂၆ လမ်းနဲ့ ၁၂၅ လမ်းကြား ၊ ၅၆ လမ်းနဲ့ ၅၇ လမ်းကြားရှိ အထက (၃၉) ကျောင်း အနီးမှာ မနက် ၁၀ နာရီဝန်းကျင်က မိုင်း နှစ်လုံး မိနစ်ပိုင်းခြားပြီး ပေါက်ကွဲခဲ့ပါတယ်။
(ဃ) ရပ်ကွက်ရှိ မြို့နယ် စစ်ကောင်စီရုံးရှေ့မှာ မနက် ၁၁ နာရီဝန်းကျင်က စစ်ကောင်စီတပ်သား တယောက်ကို သေနတ်နဲ့ သုံးချက်လောက် ပစ်သွားခဲ့တယ်လို့ သိရပါတယ်။
ပြည်ကြီးတံခွန်မြို့နယ်အတွင်းဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရတာမရှိဘဲ စစ်ကောင်စီတပ်သားတွေ နေရာအနှံ့ ရှာဖွေ စစ်ဆေးနေပါတယ်။