အွန်မီခရွန်ကူးစက်ခံရပြီးနောက် ဘယ်လိုလက္ခဏာတွေ ခံစားရလေ့ရှိမလဲ

နိုင်ငံတကာမှာ လက်ရှိကူးစက်ပျံ့နှံ့စပြုနေတဲ့ Omicron အွန်မီခရွန် မျိုးကွဲကူးစက်မှုရောဂါလက္ခဏာတွေနဲ့ ပတ်သက်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO) က တရားဝင် မထုတ်ပြန်သေးပေမယ့် ဒီဗိုင်းရပ်စ်မျိုးကွဲကူးစက်မှုကို စတင်တွေ့ရှိခဲ့ရတဲ့ တောင်အာဖရိက ဆေးပညာအသင်း ဥက္ကဋ္ဌ ဒေါက်တာအင်ဂျယ်လစ်ကိုဇီရဲ့ အဆိုအရ ရောဂါကူးစက်မှုလက္ခဏာဟာ မပြင်းထန်ဘူးလို့ ဆိုထားပါတယ်။ဒါပေမဲ့ ကိုယ်ခံအားနည်းသူတွေမှာ ကူးစက်ခဲ့ရင် ဖြစ်လာနိုင်ခြေရှိတဲ့ ရောဂါလက္ခဏာ ဘယ်လို ခံစားရနိုင်မလဲဆိုတာကတော့ လေ့လာဖို့ လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။

ဒေါက်တာကိုဇီရဲ့ အဆိုအရ တခြား ကိုရိုနာဗိုင်းရပ်စ်မူကွဲတွေနဲ့ တူညီတာရော မတူကွဲပြားတာရော ပါဝင်တဲ့ အိုမီခရွန်မျိုးကွဲရဲ့ ကူးစက်ပြီးနောက် ခံစားရတဲ့ ရောဂါလက္ခဏာ ၆ မျိုးကို သိရှိထားရပြီး ဖြစ်ပါတယ်။ 

၁။ ပင်ပန်းနွမ်းနယ်ခြင်း

တခြားဗိုင်းရပ်စ် မျိုးကွဲတွေမှာလိုပဲ ကိုယ်လက်မအီမသာ ပင်ပန်းနွမ်းနယ်မှု ခံစားရပါတယ်။ အချိန်ဘယ်လောက်ကြာထိ ခံစားရတယ်ဆိုတာ မသဲကွဲသေးပေမဲ့ တချို့သူတွေမှာ ၅ ရက်ကနေ ၈ ရက်လောက်ထိ ခံစားရပြီး တချို့သူတွေမှာ တပတ်၊ နှစ်ပတ်မက ခံစားရတာလည်း ဖြစ်နိုင်ပါတယ်။

၂။ ခန္ဓာကိုယ် နာကျင်ကိုက်ခဲခြင်း

တခြား ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲတွေလိုပဲ ခန္ဓာကိုယ်တခုလုံး နာကျင်ကိုက်ခဲတဲ့ ဝေဒနာခံစားရတတ်ပါတယ်။​ ရက်ပိုင်းလောက်ပဲ ကြာအောင် ခံစားရတတ်ပါတယ်။

၃။ ခေါင်းကိုက်ခြင်း

အိုမီခရွန်ကူးစက်ပြီးသူတွေအ တော်များများမှာ ခုချိန်ထိ တွေ့ရှိရတဲ့ လက္ခဏာတခုက ခေါင်းကိုက်ခဲတဲ့ ဝေဒနာပါ။​ လူပုဂ္ဂိုလ် တယောက်နဲ့ တယောက်မတူတဲ့ အပျော့စားကနေ အပြင်းစား စူးစူးရှရှ တဒိန်းဒိန်းမြည်နေသလို ခေါင်းကိုက်မှုဝေဒနာ ခံစားရနိုင်ပါတယ်။

၄။ လည်ချောင်း ယားယံခြင်း

ဒေါက်တာကိုဇီရဲ့ အဆိုအရ တချို့လူနာတွေမှာ တခြားဗိုင်းရပ်စ်မျိုးကွဲတွေ ကူးစက်ရင် ခံစားရသလို လည်ချောင်းနာတာနဲ့ မတူညီတဲ့ လည်ချောင်းဝမှာ ယားယံနေတာကို ခံစားရပါတယ်။ အရည်များများ သောက်ပေးရင်တော့ ခံစားရသက်သာလာတယ်လို့ ဆိုပါတယ်။

၅။ နှာရည်ယိုခြင်း

အွန်မီခရွန် ကူးစက်ပြီးနောက်မှာ တခြား အအေးမိရောဂါတွေလိုပဲ နှာရည်ယို နှာစေးတဲ့ လက္ခဏာတွေ ခံစားရပါတယ်။ ရောဂါကူးစက်ခံရတာကြောင့် ဗိုင်းရပ်စ် ဓာတ်သဘာဝကို တွန်းထုတ်ဖို့ အချွဲအပျစ် နှာရည်တွေ ပိုမိုထုတ်ပေးလာတာ ဖြစ်ပါတယ်။

၆။ နှာချေခြင်း

သာမန် အအေးမိ အအေးပတ်ခြင်းနဲ့ ထင်ယောင်ထင်မှားဖြစ်နိုင်စရာရှိပေမဲ့အွန်မီခရွန် ကူးစက်မှုကြောင့် ဖြစ်လာတဲ့ ရောဂါလက္ခဏာပါ။ ဆက်တိုက်နှာချေနေတယ်ဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုလက္ခဏာ ဖြစ်နိုင်တဲ့အတွက် ပိုမိုသေချာအောင် စမ်းသပ်စစ်ဆေးတာ အကောင်းဆုံး ဖြစ်မယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up