ထိုင်းတွင် ကိုဗစ်-၁၉ မျိုးဗီဇသစ် အိုမီခရွန်ပိုးရှိသူ ၂ ဦး ထပ်မံတွေ့ရှိ

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့အပတ်က အမေရိကန်နိုင်ငံသား အမျိုးသား ၁ ဦးဆီက ကိုဗစ်-၁၉ မျိုးဗီဇသစ် အိုမီခရွန်ပိုးကို တွေ့ရှိပြီးတဲ့နောက် နိုင်ဂျီးရီးယားနိုင်ငံကနေပြန်လာတဲ့ ထိုင်းနိုင်ငံသား ၂ ဦးထံမှာလည်း အိုမီခရွန် ဖြစ်နိုင်ခြေ အများဆုံးရှိတာတွေ့ရတယ်လို့ ဆိုပါတယ်။ 

ထိုင်းနိုင်ငံ ကိုဗစ်-၁၉ အခြေအနေထိန်းချုပ်ကွပ်ကဲရေး ဗဟိုဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဆုမဏီး ဝပ်ချရဆင်က ဒီကနေ့ ကိုဗစ်-၁၉ အခြေအနေ အစီရင်ခံရှင်းလင်းပွဲမှာ ထည့်သွင်းပြောကြားသွားတာပါ။ 

အဆိုပါ လူနာ ၂ ဦးမှာ ခရစ်ယာန်အသင်းတော်မှ စကားပြန်  အသက် ၄၆ နှစ် နဲ့ ၃၆ နှစ်ရှိ ထိုင်းအမျိုးသမီးတွေဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာနောက်ဆုံးပတ်က နိုင်ဂျီးရီးယားနိုင်ငံမှာ ပြုလုပ်တဲ့ ဘာသာရေးအစည်းအဝေးကို သွားရောက်ခဲ့တယ်လို့ ဆိုပါတယ်။ 

သူတို့ ၂ ဦးလုံး  ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံရသေးဘဲ ရောဂါလက္ခဏာမှာလည်း အိုမီခရွန်ဖြစ်နိုင်ခြေအများဆုံးရှိကြောင်း၊ လောလောဆယ် ပိုးရဲ့မျိုးဗီဇအားလုံးရဲ့ စရိုက်လက္ခဏာ စစ်ဆေးနေပြီး ၁- ၂ ရက်အတွင်း တိကျတဲ့အဖြေသိရမယ်လို့ ဆိုပါတယ်။ 

သူတို့ နှစ်ဦးဟာ နိုဝင်ဘာ ၂၁ ရက်နေ့က လေယာဉ်ပေါ်မတက်ခင် နိုင်ဂျီးရီးယားနိုင်ငံမှာ RT-PCR စစ်ဆေးခဲ့ပြီး ပိုးမတွေ့ခဲ့ကြောင်း၊ နိုဝင်ဘာ ၂၃ ရက်မှာ အဖျားရှိပြီး လည်ပင်းနာကြောင်း၊ နိုဝင်ဘာ ၂၄ မှာ ထိုင်းနိုင်ငံကို ပြန်ရောက်ပြီး ကာကွယ်ဆေး မထိုး ရသေးတဲ့အတွက် ကွာရန်တင်းဝင်နေကြောင်း၊ ထိုင်းမှာ ပထမဆုံးအကြိမ် RT-PCR စစ်ဆေး ရာက ကိုဗစ်-၁၉ ပေါ့စ်တစ်ဗ်တွေ့လို့ နိုဝင်ဘာ ၂၅ မှာ ဆေးကုသမှုစတင်ခံယူနေတယ်လို့ ဆိုပါ တယ် ။ 

သူတို့ဟာ နိုင်ဂျီးရီးယားမှာ အလုပ်လုပ်နေစဉ် မာ့က်စ်တပ်ဆင်ခြင်းမရှိကြောင်း၊ သူတို့နဲ့ တဖွဲ့တည်းလိုက်ပါသွားတဲ့ နောက်ထပ်ထိုင်းအမျိုးသမီး ၁ ဦးကတော့ ထိုင်းကိုပြန်မလာသေးဘဲ ဆွီဒင်နိုင်ငံကို ခရီးဆက်သွားပြီး သူမလည်း ပေါ့စတစ်ဗ်ဖြစ်နေတယ်လို့ ဆိုပါတယ်။ 

 ပထမဆုံး အိုမီခရွန်ပိုးတွေ့ အမေရိကန်နိုင်ငံသားနဲ့ ထိတွေ့သူမှာ စုစုပေါင်း ၁၉ ဦးရှိပြီး အဲဒီထဲက ဟိုတယ်စားပွဲထိုးမှာ ကိုဗစ်-၁၉ ပိုးတွေ့ထားပေမယ့် အိုမီခရွန်ဟုတ်မဟုတ်ကိုတော့ ဓာတ်ခွဲစစ်ဆေးနေဆဲဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up