ချင်းတွင်းမြစ်အတွင်း စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်ဘက်ကနေ နေ့လယ် ၁ နာရီခွဲလောက် မုံရွာကို စုန်ဆင်းလာခဲ့တဲ့ စစ်ကောင်စီ ကျောက်မော်တော်တွေကို မင်းကင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ မဟူရာကျောက်ရိုင်းအဖွဲ့နဲ့ မကျည်းတိုက်သိမ်းအဖွဲ့တို့ ပူးပေါင်း ပစ်ခတ်ခဲ့ကြတယ်လို့ သိရပါတယ်။
မင်းကင်းမြို့နယ် မဟူရာကျောက်ရိုင်းPDF ခေါင်းဆောင်က “ဖလက်ခွံ ၃ စီးနဲ့ စထွက်လာတာကို ကျနော်တို့ စောင့်ပြီးထုတာဗျ။ ထုတာကတော့ အပြန်အလှန်ပဲဗျ။ သူတိုဘက်တော့ အထိနာတယ်ဗျ။ ပထမ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ပစ်တယ်။ ကျနော်တို့ ပစ်လိုက်လို့ အထိနာသွားတယ်ထင်တယ်ဗျ၊ ကျနော်တို့ကို ပြန်မပစ်နိုင်တော့ဘူး။ သူတို့ဘက်က အကျအဆုံး အတိကျမသိရဘူးဗျ။ ကျနော်တို့ဘက်ကတော့ အကျဆုံးမရှိ ဆုတ်ခွားနိုင်ခဲ့တယ်” လို့ ပြောပါတယ်။
မင်းကင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်က အခုလို ကျောက်မော်တောတွေ မုံရွာဘက်ကို စုန်ဆင်းလိုရအောင် စစ်ကောင်စီ ကုန်းကြောင်းတပ်တွေ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေပြီး ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဇင်ကလဲကျေးရွာအတွင်း ဝင်ရောက်ရှာဖွေပြီး နေအိမ်တွေကို ဖျက်ဆီးခဲ့သလို အပြစ်မဲ့ ရွာသားတစ်ဦးကိုလည်း သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။