မြန်မာအလုပ်သမားတွေကို တရားမဝင်တင်လာတဲ့ ယာဉ်တစ်စီး ထိုင်းတောင်ပိုင်း နခွန်းဆီထမရတ်ခရိုင် ထုန့်ဆုန်မြို့နယ်ထဲမှာ ဒီဇင်ဘာ ၆ ရက်က ဓာတ်မီးတိုင်နဲ့ ဝင်တိုက်မိပြီး လမ်းဘေးက မြောင်းထဲထိုးကျသွားခဲ့ပါတယ်။
ယာဉ်တိုက်မှုဖြစ်ပွားရာနေရာကို ကျေးရွာ အုပ်ချုပ်ရေးမှူးတွေအပါအဝင် တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးရာမှာ ပျက်စီးနေတဲ့ ကားနဲ့ ဖိနပ်တွေသာကျန်ပြီး လူတွေအကုန် ထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက အနီးနားတဝိုက် ရာဘာခြံနဲ့ ဆီအုန်းခြံတွေထဲ လိုက်လံရှာဖွေရာမှာ အသက် ၄၁ နှစ်အရွယ် ထိုင်းယာဉ်မောင်းသမား နိုင်းချလိုမ်ဖုန်း ဖစ်ချ်ရတ်နဆိုသူနဲ့ မြန်မာအလုပ်သမားတချို့ကို ဖမ်းမိခဲ့ပါတယ်။
ဖမ်းဆီးခံရတဲ့ထဲက နိုင်ငံကူးလက်မှတ်ရှိသူ တယောက်က မြန်မာအလုပ်သမားတွေကို ဆုန်ခလာခရိုင် ဟတ်ယိုင်မြို့မှာ အလုပ်သွားလုပ်ဖို့ ခေါ်လာခဲ့ကြောင်း၊ ၅ ရက်နေ့ည ၉ နာရီလောက်က ရနောင်းကနေထွက်လာခဲ့ပြီး ၆ ရက်နေ့မနက် အခင်းဖြစ်တဲ့နေရာမှာ ကားကလမ်းဘေး ဓာတ်တိုင်ကို ဝင်တိုက်ခဲ့တာလို့ ဝန်ခံပြောကြားပါတယ်။
သူတို့အားလုံး အယောက် ၂၀ နီးပါးရှိပြီး ဒဏ်ရာအနည်းငယ်စီသာရရှိကာ လဝကဥပဒေနဲ့ အရေးယူဖို့ ထုန့်ဆုန်နယ်မြေရဲစခန်းမှာ ထိန်းသိမ်းထားကာ လူကုန်ကူးမှုနဲ့ ပတ်သက်မှုရှိမရှိကိုလည်း ဆက်လက်စစ်ဆေးသွားမယ်လို့ ထိုင်းတာဝန်ရှိသူက သတင်းထောက်ကို ပြောသွားပါတယ်။
ကိုးကား - မန်နေဂျာအွန်လိုင်း / ထိုင်းရတ်တီဗွီသတင်း