စစ်ကိုင်းတိုင်းတွင် တိုက်ပွဲဖြစ်၊ စစ်တပ်နှင့်ပျူစောထီး ၂၀ ကျော်နဲ့ PDF ရဲဘော် ၁ ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ ထီးချိုင့်နဲ့ အရာတော်မြို့နယ်တို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီနဲ့ပျူစောထီး ၂၀ ကျော်နဲ့ PDF တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ထီးချိုင့်မြို့နယ် တုံလုံကျေးရွာမှာ စစ်ကောင်စီတပ်သားတွေစီးနင်းလာတဲ့ စစ်ကား ၂ စီးကို ဒီဇင်ဘာ ၆ ရက်နေ့ မနက်ပိုင်းက မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။ 

“စစ်ကောင်စီ ကား ၂ စီးနဲ စခ ၇၀ လောက်က မနေ့က တုံလုံရွာမှာ တပ်ဆွဲနေတာကို မိုင်းခွဲတိုက်ခိုက်တာပါ။ မိုင်း ၂ လုံးက ကား ၁ စီးတည်းကို ထိသွားတော့ လမ်းဘေးထိုးကျသွားတယ်။ စစ်ကောင်စီဘက်ကကောင်တွေ ကားပေါ်ကနေ မထနိုင်ဘူး။ ကျန်တဲ့ ၁ စီးက ကောင်တွေက ပြန်ပစ်လို့ ကျနော်တို့ဆီက ရဲဘော် ၂ ယောက်လက်နက်ကြီး ထိသွားပြီး ၁ ယောက်က ဒဏ်ရာရပြီး ၁ ယောက်ကတော့ ဆုံးသွားတယ်” လို့ ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်ချိန် နာရီဝက်ဝန်းကျင်ကြာမြင့်ပြီး အဆိုပါနေရာကို စစ်အင်အား ထပ်မံဖြည့်တင်းနေတာ တွေ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၄ ရက်နေ့ကလည်း စစ်ကောင်စီရဲ့ အစီး ၂၀ ဝန်းကျင်ပါ စစ်ယာဉ်တန်းဟာ ထီးချိုင့်မြို့နယ်၊ ဆားတွင်းမုခ်တစ်ထောင်ကြားမှာ မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီဗိုလ်မှူးအဆင့် ၁ ဦးအပါအဝင် တပ်သား ၂၀ ဝန်းကျင်သေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားကြတယ်လို့ သိရပါတယ်။

ဆက်ရှေ့ပြီး တိုက်ပွဲတွေ ပိုမိုဖြစ်ပွားလာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ တော်လှန်ရေးအသိအစဉ်ထားရှိပြီး သွားလာနေထိုင်ကြဖို့ ထီးချိုင့် ပ.က.ဖ က အသိပေးထုတ်ပြန်ထားပါတယ်။

အရာတော်မြို့နယ်၊ သလဲဘာကျေးရွာမှာလည်း  ဒီဇင်ဘာလ ၆ ရက် မနက် ၅ နာရီလောက် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေက  ပျူစောထီးအဖွဲ့ကို ထိုးစစ်ဆင် ဝင်ရောက်သိမ်းပိုက်ရာမှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး ပျူစောထီးအဖွဲ့ဝင် ၆ ယောက် သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်တပ်ဖွဲ့တွေဆီက သိရပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင် ၆ ယောက်ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့တယ်။ သူတို့ခေါင်းဆောင် တောင်ကြီးရဲ့အိမ်ကို ပြည်သူ့တရားစီရင်ရေး အပြစ်ပေးအရေးယူခဲ့တယ်။ ပျူစောထီးခေါင်းဆောင်ဖြစ်တဲ့ တောင်ကြီးကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်။ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုဘက်က တပ်သားတဦး ထိခိုက်ဒဏ်ရာရခဲ့ပေမဲ့ မစိုးရိမ်ရပါဘူး” လို့ အတည်ပြုပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ကိုင်းခရိုင် တပ်ရင်း (၁) အရာတော်၊ မြင်းမူ၊ ဝက်လက် စတဲ့ LPDF တပ်ပေါင်းစု ၂ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

သလဲဘာကျေးရွာရှိ ပျူစောထီးအဖွဲ့ဟာ နိုဝင်ဘာ ၂၃ ရက်နေ့ကလည်း ကျေးရွာအတွင်းက ပြည်သူနှစ်ဦးကို PDF နဲ့ ဆက်သွယ်တယ်ဆိုကာ ဖမ်းဆီးပြီး စစ်တပ်ကိုအပ်ခဲ့လို့ တစ်ဦးသေဆုံးခဲ့ရတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

ပျူစောထီးအဖွဲ့ဟာ စစ်ကောင်စီနဲ့ပူးပေါင်းပြီး အရာတော်မြို့နယ်သာမက၊ မြင်းမူ၊ ဝက်လက်၊ စစ်ကိုင်းမြို့နယ်တွေက ပြည်သူကို ခြိမ်းခြောက်နေတာကြောင့် ဝင်ရောက်သိမ်းပိုက်ကာ စစ်ရေးအရဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

မြိုနယ်နှစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေသေဆုံး ဒဏ်ရာရရှိသူ များပြားတယ်လို့ သိရပေမယ့် ဒီဗွီဘီက သီးခြားအတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up