ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အဆင့်မြင့်ရပ်ကွက် ပီမိုးနင်း လမ်းမကြီးဘေးတလျှောက်က ကျူးကျော်နေအိမ်တွေနဲ့ စျေးဆိုင်ခန်းတွေကို ဒီနေ့ ဒီဇင်ဘာ ၆ ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီက လာရောက်ဖြိုဖျက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“သူတို့က ဒီနေ့မနက်အစောကျမှ အင်အားအလုံးအရင်းနဲ့ မြေကော်စက်တွေရော ပါတယ်။ လာဖျက်ကြတာ။ ဘယ်နေ့ ဘယ်ရက် လာဖျက်မယ် အကြောင်းကြားတာမရှိဘဲ ရုတ်တရက်ကြီး လာဖျက်ကြတာ။အတော်များများ အဖျက်ခံရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
လှိုင်သာယာမှာ ကျူးကျော်တွေကို စည်ပင်၊ ရဲတပ်ဖွဲ့၊ ဒေသ ရပ်ကျေးတွေပါဝင်တဲ့ စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့က လူအင်အားသုံး ဖြိုဖျက်နေကြတာဖြစ်ပြီး ဓာတ်ပုံမှတ်တမ်းတင်တဲ့ ဒေသခံအချို့ကိုလည်း ဖမ်းဆီးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာလ ၁ ရက် မနက်ပိုင်းလည်း လှိုင်သာယာမြို့နယ် ရန်ကုန် - ပုသိမ် လမ်းမကြီးတလျှောက်က ကျူးကျော်တဲတွေကို စစ်ကောင်စီတပ်သားတွေက ဘူဒိုဇာအပါအဝင် အင်အားအများအပြားနဲ့ ဖျက်ဆီးခဲ့ကြပါတယ်။