DVB Logo
Home
မြန်မာသတင်း
ကြည့်မြင်တိုင် အကြမ်းဖက်ခံရမှုဖြစ်စဉ်တွင် MPA သတင်းထောက် ၂ ဦး ဒဏ်ရာဖြင့် ဖမ်းဆီးခံရ
DVB
·
December 6, 2021
ကြည့်မြင်တိုင် အကြမ်းဖက်ခံရမှုဖြစ်စဉ်တွင် MPA သတင်းထောက် ၂ ဦး ဒဏ်ရာဖြင့် ဖမ်းဆီးခံရ
Donate to DVB

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်မှာ ဒီဇင်ဘာ ၅ ရက် မနက်ပိုင်းက ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူတွေကို စစ်ကောင်စီတပ်က အကြမ်းဖက် ကားနဲ့တိုက် ပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်မှာ Myanmar Pressphoto Agency က သတင်းထောက် ၂  ယောက်  ဒဏ်ရာရပြီး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းက ဒဏ်ရာရကာ ဖမ်းဆီးခံခဲ့ရပြီး ရုပ်သံသတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းကတော့ စစ်ဆေးရုံမှာ ဆေးကုသမှုခံနေရတယ်လို့ MPA သတင်းဌာနရဲ့ အယ်ဒီတာ ကိုဂျေပိုင်က  ဒီဗွီဘီကို ပြောပါတယ်။

“သူတို့ နှစ်ယောက်လုံးက သတင်းယူနေတာ၊ အဲ့မှာကားနဲ့အတိုက်ခံရတဲ့ ဖြစ်စဉ်ထဲပါသွားတာ။ ကိုကောင်းဆက်လင်းကတော့ ဒဏ်ရာရပြီး အဖမ်းခံထားရတာ အတည်ပြုနိုင်ပြီ၊  မမှူးရတနာခက်မို့မို့ထွန်း ကတော့ စစ်ဆေးရုံမှာ ဆေးကုသမှုခံနေရတယ်။” 

သတင်းရယူရင်း ဖမ်းဆီးခံခဲ့ရတဲ့ ကိုကောင်းဆက်လင်းနဲ့ မမှူးရတနာခက်မို့မို့ထွန်းတို့အတွက် မိသားစုဝင်တွေနဲ့တိုင်ပင်ပြီး ရှေ့နေတွေနဲ့ဆက်သွယ်ကာ ဉပဒေကြောင်းအရ အကူညီရနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လွတ်လပ်တဲ့သတင်းမီဒီယာ ၉ ခုအထိ လုပ်ငန်းလိုင်စင် ပိတ်သိမ်းခံခဲ့ရသလို သတင်းထောက် ၉၀ ကျော်ဖမ်းဆီးခံခဲ့ရပြီး အဲ့အထဲက ၃၀ ကျော်ကတော့ ခုချိန်ထိ ထောင်တွေနဲ့အချုပ်တွေမှာ ဖမ်းဆီးခံနေရဆဲဖြစ်တယ်လို့ သိရပါတယ်။

ကြည့်မြင်တိုင်မြို့နယ်မှာ ဒီဇင်ဘာလ ၅ ရက် မနက်ပိုင်းက ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေကို စစ်ကောင်စီတပ်သားတွေက အကြမ်းဖက် ကားနဲ့တိုက် ပစ်ခတ်ခဲ့ တာကြောင့် အနည်းဆုံး ၄ ယောက်သေဆုံးပြီး ၁၀ ယောက်ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ဒီကနေ့ထုတ် စစ်ကောင်စီအာဘော် မြန်မာ့အလင်းသတင်းစာမှာတော့ ကြည့်မြင်တိုင်ဖြစ်စဉ်မှာ အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ အမျိုးသား ၂ ဦးက မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာစိုးရိမ်ရတာကြောင့် တပ်မတော်ဆေးရုံမှာ ကုသပေးထားတယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013