Home
မြန်မာသတင်း
ရန်ကုန်သပိတ်ကို ကားဖြင့်တိုက်ပစ်ခတ်ခဲ့မှု ပြင်းပြင်းထန်ထန်တုံ့ပြန်မည်ဟု စစ်ဒေသ ကွပ်ကဲရေးအဖွဲ့ ပြော
DVB
·
December 5, 2021

ရန်ကုန်လူထုသပိတ်ကို အကြမ်းဖက်စစ်ကောင်စီက ကားနဲ့တိုက်သတ်၊ သေနတ်နဲ့ပစ်ခဲ့အပေါ် ပြင်းပြင်းထန်ထန် တုံ့ပြန်ပြီး တော်လှန်ရေးအရှိန်ကို မြှင့်သွားမယ်လို့ရန်ကုန်တိုင်း စစ်ဒေသကွပ်ကဲရေးအဖွဲ့က ဆိုပါတယ်။

ဒီမနက် ၈ နာရီခွဲလောက်က ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းပေါ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြ ချီတက်လာတဲ့ လူငယ်တွေကို စစ်ကောင်စီတပ်တွေက လူမဆန်ဘဲ ကားနဲ့တိုက်သတ်တာ၊ သေနတ်နဲ့ ပစ်သတ်တာတို့ကြောင့် လူငယ်တချို့ ကျဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေကိုလည်း ဆေးကုခွင့်မပေးဘဲ စစ်ကြောရေးစခန်းတွေဆီ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ဒီလို ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ လက်နက်မပါတဲ့ ပြည်သူတွေအပေါ် ရက်စက်ယုတ်မာ သတ်ဖြတ်ခဲ့ကြတဲ့ ဖြစ်စဉ်ကို အမိန့်ပေးညွှန်ကြားခိုင်းစေခဲ့တဲ့ စစ်တပ်နဲ့ သူတို့ရဲ့ လက်ပါးစေအားလုံးကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မှာဖြစ်ပြီး တော်လှန်ရေးအရှိန်ကို အခုထက် ပိုမြှင့်သွားမယ်လို့လည်း ထုတ်ပြန်ပါတယ်။

ပခုက္ကူလူထုတိုက်ပွဲကော်မတီ၊ မကွေးလူထုတိုက်ပွဲကော်မတီနဲ့ မြိုင်မြို့နယ်အခြေခံပညာ အထွေထွေသပိတ်ကော်မတီတို့ကလည်း ရန်ကုန်က ကျဆုံး ရဲဘော်တွေနဲ့ မတရား ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ရဲဘော်တွေကို အထူး လေးစားဦးညွတ်ကြောင်း ထုတ်ပြန်ထားပါတယ်။

ကြည့်မြင်တိုင်လူထုသပိတ်နဲ့ အခြားသော လူထုသပိတ်တိုက်ပွဲတွေ၊ ခုခံတော်လှန် စစ်ပွဲတွေမှာ ပေးဆပ်ခဲ့ရတဲ့ တော်လှန်ရေးရဲဘော်အားလုံးရဲ့ သွေးကြွေးတွေအတွက် မကွေးတိုင်း အခြေစိုက် ဒီမိုကရေစီလူထုလှုပ်ရှားမှုအင်အားစုများအနေနဲ့ စစ်အာဏာရှင်စနစ် အကြွင်းမဲ့ အမြစ်ပြတ်ကျဆုံးတဲ့အထိ လူထုလှုပ်ရှားမှုတွေ ပိုမို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး လက်တွဲ ကြိုးပမ်းသွားမယ်လို့ ကြေညာထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024