စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ ဒီဇင်ဘာ ၄ ရက်နေ့ နေ့လည်ပိုင်းက အင်းတော်ဘက်ကနေ ဒေသခံမဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ထီးချိုင့်ဘက်ကို မောင်းနှင်ထွက်ပြေးလာတဲ့ စစ်ကောင်စီရဲ့ ယာဉ်အစီး ၂၀ ဝန်းကျင်ပါ စစ်ယာဉ်တန်းဟာ ဆားတွင်းမုခ်တစ်ထောင်ကြားမှာ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။
ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ထီးချိုင့် ပ.က.ဖ) က စောင့်ကြိုမိုင်းခွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီရဲ့ စစ်ကား ၂ စီးနဲ့ စစ်သားတွေတင်လာတဲ့ Kluger အမျိုးအစား ကား ၁ စီး ပျက်စီးသွားပြီး ဗိုလ်မှူးအဆင့် ၁ ဦးအပါအဝင် တပ်သား ၂၀ ဝန်းကျင်သေဆုံးကာ အများအပြားဒဏ်ရာရှိသွားတယ်လို့ ထီးချိုင့် ပ.က.ဖ ပြန်ကြားရေးတာဝန်ခံက အတည်ပြု ပြောပါတယ်။
မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် နေရာမှာတင်သေဆုံးသူတွေနဲ့ ဒဏ်ရာပြင်းထန်တဲ့ စစ်ကောင်စီတပ်သားတွေအား ထီးချိုင့်ပြည်သူ့ဆေးရုံကို စစ်ကားတွေနဲ့ တင်ဆောင်သွားတယ်လို့ သိရပါတယ်။
ထီးချိုင့်ပြည်သူ့ ဆေးရုံနဲ့နီးစပ်သူတဦးက "ဒဏ်ရာရရှိသူတွေကို ထီးချိုင့် ပြည်သူ့ဆေးရုံကြီးကို ခေါ်လာတာ။ ဒဏ်ရာပြင်းထန်တဲ့ ဗိုလ်မှုး ၁ ဦးအပါအဝင် ရဲနဲ့စစ်သား ၂၀ ဝန်းကျင် သေဆုံးသွားတယ်" လို့ ပြောပါတယ်။
ဆက်ရှေ့ပြီး တိုက်ပွဲတွေ ပိုမိုဖြစ်ပွားလာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ တော်လှန်ရေးအသိအစဉ်ထားရှိပြီး သွားလာနေထိုင်ကြဖို့ ထီးချိုင့် ပ.က.ဖ က အသိပေးထုတ်ပြန်ထားပါတယ်။