မင်းကင်းမြို့နယ်၌ စစ်ကောင်စီတပ် ဝင်ရောက်လာသဖြင့် ဒေသခံရွာသား ထောင်ချီထွက်ပြေး

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ဇင်ကလဲကျေးရွာမှာ စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲတာကြောင့် ဒီဇင်ဘာ ၄ ရက် ဒီနေ့  မွန်းတည့် ၁၂ နာရီလောက်မှာ  အနီးနား ကျေးရွာ ၄ ရွာက ထောင်နဲ့ချီတဲ့ ရွာသားတွေ ဘေးလွတ်ရာကိုထွက်ပြေး ရှောင်တိမ်းနေရပါတယ်။

စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၅၀ လောက်ဟာ  ဒီဇင်ဘာ ၃ ရက်နေ့ကတည်းက ရေဦးမြို့နယ်ကနေ ကနီမြို့နယ်ဘက်ကို အဝင်ပြပြီး မင်းကင်းမြို့နယ်ထဲကို အမှတ်မထင် ဝင်ရောက်လာတာလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဇင်ကလဲ ဒေသခံရွာသားတစ်ဦးက “ပထမက ရေဦးမြို့နယ်ကနေ  ကနီဘက် အဝင်ပြပြီး ကျနော်တို့ မြို့ဘက်ကို ဝင်လာတာ။ ပြောရရင် ဒီတခါက စစ်ကောင်စီတပ်က ဗျူဟာကောင်းတယ်လို့ ပြောရမယ်ဗျ။ သူတို့သွားချင်တဲ့ လမ်းကြောင်းကို တည့်တည့်မတ်မတ်မသွားဘဲ ဒေသခံပြည်သူကာကွယ်ရေးတပ်တွေ မှန်းဆလို့ မရအောင် လုပ်တာ။ ဒီနေ့လည်း ကျနော်တို့ မင်းကင်းမြို့နယ်အတွင်း မထင်မှတ်ဘဲဝင်လာကြတာ” လို့  ပြောပါတယ်။

စစ်တပ်တွေဝင်လာတာကြောင့် ဇင်ကလဲကျေးရွာ၊ လောင်းပြည့်ကျေးရွာ၊  သံပေါက်ကျေးရွာနဲ့  ခတ်လုံကျေးရွာက ဒေသခံရွာသားတွေ ထောင်နဲ့ ချီဘေးလွတ်ရာကို ထွက်‌ပြေးနေ ကြရတာလည်း ဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက် အဆိုပါကျေးရွာတွေကို စစ်ကောင်စီတပ်တွေ  ဝင်ရောက်တပ်စွဲတာ အခုအကြိမ်နဲ့ဆို သုံးကြိမ်ရှိသွားပြီး အရင်တကြိမ်တပ်စွဲတုန်းကလည်း အပြစ်မဲ့ရွာသား ၇ ဦးကို စစ်တပ်က ပစ်သတ်ခဲ့ကာ  နေအိမ်တွေက ပစ္စည်းတွေလည်း ဖျက်ဆီးသွားခဲ့ပါတယ်။

မင်းကင်းမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေ ရောက်လာလို့  စစ်ဘေးတိမ်းရှောင်ထွက်ပြေးရင် သက်ကြီးရွယ်အို တယောက် သေဆုံးတာနဲ့  တယောက် လေဖြတ်တာရှိခဲ့သလို  စစ်ဘေးရှောင်ရင်း  မီးဖွားရတဲ့ ကိုယ်ဝန်ဆောင် မိခင်တွေလည်း ရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up