Home
ဆောင်းပါး
ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ကြလော့
DVB
·
December 4, 2021

“ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်” ဆိုတဲ့ ကြွေးကြော်သံတွေက မြန်မာနိုင်ငံ မြို့ရွာအနှံ့ကျေးလက်မကျန် လွှမ်းမိုးသွားခဲ့တယ်။ စစ်တပ်ကအာဏာလုယူပြီးနောက် ၁၀ လကြာသည်အထိ ဆန္ဒပြတဲ့အရှိန်က လျော့မသွားခဲ့။ နေ့စဉ်နေ့တိုင်း အထင်ကရမြို့ကြီးတွေအပြင် ကျေးလက်အထိ ဆန္ဒပြနေကြဆဲ။ ကာလအခြေအနေအလိုက် ကြွေးကြော်သံတချို့ပြောင်းလဲဟစ်ကြွေးခဲ့ကြပေမဲ့ မူလရည်ရွယ်ရာ ပန်းတိုင်ဖြစ်တဲ့ “ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်”ဆိုတဲ့အသံကတော့ ပါနေမြဲပင်။

“မြန်မာတပ်မတော်ကို ဘာလို့ဖက်ဆစ်တပ်လို့ ပြည်သူတွေက ပြောဆိုနေကြသလဲ။ စွပ်စွဲရုံသက်သက်ပဲလား။ ဘယ်လိုအချက်တွေကြောင့် စွဲချက်တင်နေကြလဲ။ ဘာကြောင့်အမြစ်ဖြတ်ချင်နေကြလဲ”ဆိုတဲ့ အမေးပေါင်းများစွာ ထွက်ပေါ်လာတယ်။ အသေချာဆုံးအချက်ကတော့ မြန်မာပြည်သူတွေနဲ့အတူ မြန်မာ့နိုင်ငံရေးလေ့လာသူတွေက ‘မြန်မာ့တပ်မတော်ဟာ ဖက်ဆစ်ဂျပန်ဆီက အမွေဆက်ခံထားတဲ့ တပ်မတော်ဖြစ်တယ်’ဆိုတဲအချက်ပါပဲ။ ဂျပန် ကိုလိုနီကာလမှာ ‘ဖက်ဆစ်ဂျပန်တော်လှန်ရေး’လို့ အမည်သညာရှိခဲ့ပေမဲ့ အသွင်သဏ္ဍာန်အရသာ ဖက်ဆစ်တော်လှန်ရေးဖြစ်ခဲ့တာ။ အတွင်းသန္ဓေပါသရုပ်ကတော့ ဖက်ဆစ်ဝိညာဉ်ဖြစ်နေတယ်။ သန္ဓေစိတ်ဆိုတာ ပြောင်းလဲဖို့ အ လွန်ခက်ပါတယ်။ ဒါကြောင့် ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်လို့ ကြွေးကြော်ခဲ့တာ။ အဲ့လိုဖက်ဆစ်တပ်ဆီကအမွေဆက်ခံထားတာကြောင့် မြန်မာတပ်မတော်သားတွေရဲ့ စိတ်ဝိညာဉ်ဟာ  ဖက်ဆစ်ဝိညာဉ်၊ ဖက်ဆစ်စိတ်ဓာတ်အပြည့်အဝရှိနေတယ်။ ‘ခေတ်မီတပ်မတော်ကြီး’ဖြစ်ရမယ်လို့ ဘယ်လိုပင်ကြွေးကြော်နေ ပေမယ့် စိတ်ဓာတ်နဲ့ ဝိညာဉ်ကို မပြောင်းလဲနိုင်သရွေ့တော့ ဖက်ဆစ်သန္ဓေစိတ်က မပျောက်နိုင်ဘူး။ ဒါကို သိနေလို့လည်း မြန်မာပြည်သူတွေက “ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်”လို့ ကြွေးကြော်ခဲ့ကြတာ။ တကယ်တန်း ‘စမတ်’ ကျ တဲ့စစ်တပ်ဖြစ်ချင်ရင်တော့ အယူစွဲအဟောင်းတွေကို မစွန့်နိုင်တဲ့မြန်မာ့တပ်မတော်ကို အမြစ်ကစလှန်ပြီး ပြုပြင် ပြောင်းလဲဖို့လိုမယ်ထင်ပါတယ်။ 

သေသေချာချာဆန်းစစ်ကြည့်ရင် ဖက်ဆစ်ဆိုတဲ့ဝေါဟာရက ရောမခေတ်မှာထင်ပေါ်ခဲ့တဲ့ Fasces ကနေဆင်း သက်လာတာ။ ‘ညီညွတ်ခြင်း’နဲ့ အာဏာရဲ့အမှတ်လက္ခဏာအဖြစ် ထင်းစည်းနဲ့ပုဆိန်သင်္ကေတကို အသုံးပြုခဲ့ ကြတယ်။ မြန်မာနိုင်ငံရဲ့အထင်ကရမြို့တွေရဲ့ အထင်ကရနေရာတွေမှာ ‘ထင်းစည်းချိုး’ ပြနေတဲ့ရုပ်တွေဟာလည်း ဒီသဘောပါပဲ။ ၁၉၁၉ အီတလီနိုင်ငံမှာတော့မူဆိုလိုနီက ‘ဖက်ဆစ်ပါတီ’ကို စတင်တည်ထောင်ခဲ့တာ။ 

မူဆိုလိုနီရဲ့ ဖက်ဆစ်ပါတီက ချမှတ်ထားတဲ့လမ်းစဉ် သုံးရပ်ရှိတယ်။ အဲ့ဒါတွေကတော့ ‘ကွန်မြူနစ် စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီဆန့်ကျင်ရေးနဲ့ အမျိုးသားရေးတို့ဖြစ်တယ်။ ဒါတွေကို သူတို့ရဲ့ အခြေခံလမ်းစဉ်အဖြစ်ချမှတ်ခဲ့တယ်။ တပါတီဆန်တဲ့အုပ်ချုပ်ရေးပုံစံလည်းဖြစ်တယ်။ ပါတီစုံစနစ်ကို မယုံကြည်ဘူး။ ၁၉၂၂ မှာ ပါတီစုံကိုအခြေခံပြီး ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ မူဆိုလိုနီဟာ ၁၉၄၅ ခုနှစ်အထိ အုပ်ချုပ်သွားခဲ့တာ။ အသေထွက် ထွက်သွားတော့မှပဲ သူ့အုပ်ချုပ်မှု နိဂုံးချုပ်သွားခဲ့တာ။ ဒါကြောင့်လည်း ‘အာဏာရှင်ဟာ အရှင်ထွက် မထွက်ဘူး အသေပဲထွက်တယ်’လို့ ပြောစမှတ်ပြုကြတာပေါ့။ သူ့ပါတီတွေရဲ့ ဆောင်ပုဒ်က “Mussolini is always right” ခေါင်းဆောင်ကြီး မူဆိုလိုနီ အမြဲ မှန်တယ်”ဆိုတဲ့ကြွေးကြော်သံပဲ ဖြစ်သတဲ့။

ဖက်ဆစ်တို့အတွက် သမ္မာကျမ်းစာအဖြစ် မူဆိုလိုနီရေးသားခဲ့တဲ့ “ဖက်ဆစ်ဝါဒ၏ နိုင်ငံရေးနှင့် လူမှုရေးသဘောတရား”ဆိုတဲ့ အက်ဆေးတပုဒ်ပဲဖြစ်တယ်။ ဒီအက်ဆေးကလည်း ဂျီအိုဗန်နီဂျန်တိုင်း’ရဲ့စာတွေထဲက ကောက်နုတ်ထားတာတွေလို့ ဆိုပါတယ်။ ဂျီအိုဗန်နီဂျန်တိုင်းကတော့ သူ့ကိုယ်သူဖက်ဆစ်ဝါဒီလို့ စတင်ကြွေးကြော်ခဲ့သူပေါ့။ ဘာပဲဖြစ်ဖြစ် မူဆိုလိုနီရဲ့အက်ဆေးဟာ ဖက်ဆစ်ဝါဒ ‘အိုက်ဒီရော်လော်ဂျီ’တခုဖြစ်လာခဲ့ပါတယ်။ ဒီအက်ဆေးကပဲ သူ့ရဲ့အာဏာကို အမြင့်ဆုံးရောက်အောင် တင်ပို့လိုက်တာပါပဲ။ ဒီလိုနဲ့ မူဆိုလိုနီစလိုက်တဲ့ ဖက်ဆစ်ဝါဒဟာ ကမ္ဘာနိုင်ငံတချို့ကို ကူးစက်ခဲ့တယ်။ ဂျာမဏီ၊ စပိန်၊ ဂျပန်စသဖြင့်ပေါ့။  

တနိုင်ငံနဲ့တနိုင်ငံ အနည်းငယ်ဆီကွဲပြားပေမယ့် အခြေခံအချက်တွေမှာတော့တူညီကြတယ်။ ကွန်မြူစနစ်ကို ဆန့်ကျင်တာ။ အရင်းရှင်စနစ်နဲ့အတူ ဒီမိုကရေစီကိုဆန့်ကျင်တာ။ ‘အစွန်းရောက်အမျိုးသားရေး’ကို ဆုပ်ကိုင်တာ။ ‘တသွေးတသံတမိန့်’ကိုပဲ လက်ခံတာ။ ဒီမိုကရေစီကို ဆန့်ကျင်တဲ့အတွက် လွတ်လပ်စွာပြောဆိုခွင့် ဖေါ်ပြခွင့်တို့နဲ့ အတူလူထုဆန္ဒပြတာတွေကို လက်မခံတာ။ လူ့အခွင့်အရေးမရှိတာ။ လွှတ်တော်ကို စစ်တပ်ကလွှမ်းမိုချုပ်ကိုင်တာ။ ခေါင်းဆောင်သည်သာ ထာဝရအမှန်တရားဖြစ်တဲ့အတွက် ခေါင်းဆောင်ရဲ့အမိန့်ကို မြေဝယ်မကျလိုက်နာရတာ။ ခေါင်းဆောင်သည်သာ ထာဝရအမှန်တရားအဖြစ်ခံယူထားတာ။ စစ်တပ်ကို လက်ကိုင်တုတ်အဖြစ်အသုံးချတာ။ လူထုကိုလျှို့ဝှက်စုံထောက်တွေနဲ့ အကြောက်တရားကြီးစိုးအောင်လုပ်ပြီး လွှမ်းမိုးချုပ်ကိုင်တာ။ တော်လှန်ရေးကို လက်မခံတာ။ တန်ပြန်တော်လှန်ရေးလုပ်ပြီးဖြိုခွင်းတာ၊ စတဲ့အချက်တွေမှာတော့တူညီကြတယ်။ 

အထူးသဖြင့်ကတော့ အကြွင်းမဲ့အာဏာကိုဆုပ်ကိုင်လာပြီး လူထုကို သူတို့ပေါ်လစီပုံစံခွက်ထဲ အတင်းရိုက် သွင်းတာပဲ။ သူတို့ဟာနိုင်ငံတော်ဖြစ်တယ်လို့ခံယူလာတာပဲ။ အရာရာမှာ သူတို့တတ်၊ သူတို့သာသိပြီး သူတို့သာ အမှန်တရားဖြစ်တယ်လို့ခံယူခြင်းပါပဲ။ ဒါကြောင့် နိုင်ငံရေးအင်အားစုတွေကို ထိန်းချုပ်တယ်။ ရှင်သန်ခွင့်မပြုဘူး။ သူတို့ကို ဆန့်ကျင်တဲ့ပါတီအဖွဲ့အစည်းတွေကို စစ်ပုလိပ်တွေနဲ့ နလန်မထူနိုင်အောင်နှိပ်ကွပ်လေ့ရှိတယ်။ အကြွင်းမဲ့ အာဏာပိုင်တယ်ဆိုတဲ့ အမြင်ကြောင့်လည်း တသီးပုဂ္ဂလ လူသားတဦးချင်းရဲ့ဘဝတွေကို စတေးပစ်လိုက်ကြတယ်။

ခေါင်းဆောင်ဟာ ထာဝရမှန်ကန်ပြီးခေါင်းဆောင်ဟာ နိုင်ငံတော်ဖြစ်တဲ့အတွက် နိုင်ငံတော်ကို မဆန့်ကျင်ရ။ နိုင်ငံတော်အပြင်ဘက်မှာ ဘယ်အရာမှမရှိဘူးလို့ ခံယူထားခဲ့ကြတယ်။ စစ်မက်ရေးရာတွေဟာ မျိုးချစ်စိတ်၊ တိုင်းပြည် ချစ်စိတ်ကိုတိုးပွားစေတဲ့အပြင် တကိုယ်ရေ တဦးစီရဲ့အကျိုးကိုလည်း တသင်းတအုပ်စုအကျိုးအတွက်စွန့်လွှတ်ကြရမယ်။ စစ်မက်ရေးရာမှာ စစ်ပွဲငယ်များကိုသာမက စစ်ပွဲကြီများကိုပါဆင်နွှဲရမယ်လို့ ခံယူထားတဲ့ စစ်ဝါဒီတွေပဲ ဖြစ်ကြတယ်။ ပြည်သူတွေကို စစ်ထဲဆွဲသွင်းကြတယ်။ ဟိုတလောက ဗိုလ်မင်းအောင်လှိုင်ပြောတဲ့ ပြည်သူတွေ စစ်မှုထမ်းရမယ်ဆိုတာ ဒီသဘောတရားကလာတာ။

မူဆိုလိုနီက ‘ဥရောပညီညွတ်ရေး’ကို အော်ဟစ်အသံပေးပြီးစုစည်းတယ်။ ဟစ်တလာက ‘သာဒ်ရွိုက်ဂျာမဏီ နိုင်ငံတော်ကြီးကိုတည်ဆောက်ဖို့ ညီညွတ်ရေး’အသံပေးစုစည်းတယ်။ ဂျပန်တိုဂျိုက ‘အရှေ့အာရှသာတူညီမျှရေး’ လို့ အသံကောင်းဟစ်စုစည်းတယ်။ ဗမာပြည်မှာတော့ အာဏာရှင်အဆက်ဆက်က ‘ရေပက်မဝင်အောင် စုစည်းညီညွတ်တဲ့ပြည်ထောင်စုကြီး’ တည်ဆောက်ရေးကို အသံပြာအောင် နှစ်ပေါင်း ၇၀  ကျော်အော်ဟစ်ခဲ့လေရဲ့။ အားလုံးကတော့ စုစည်းညီညွတ်ရေးသဘောတရားကြီးကို ရွှေရောင်တောက်အောင်မွန်းမံပြီး အာဏာရှင်ရဲ့ လက်အောက်ခံအဖြစ်ထားရှိဖို့ ပရိယာယ်ဆင် လိမ်လည်ခဲ့ကြတာပဲ။

အခုဖေါ်ပြခဲ့တာတွေဟာ “ဖက်ဆစ်တို့’လုပ်ဆောင်လေ့ရှိတဲ့ ယေဘုယျအချက်တွေပါပဲ။ ဒီအချက်တွေနဲ့ ‘မြန်မာတပ်မတော်’လို့ ခေါ်ကြတဲ့ စစ်ကောင်စီရဲ့လက်ကိုင်တုတ်စစ်တပ်ဟာ ပြည်သူအပေါ်‘ဘယ်လိုသဘောထားနဲ့ လုပ်ဆောင်ခဲ့ကြလဲ’ ဆိုတာကို ချိန်ထိုးကြည့်ရင် အထင်းသားပေါ်လွင်လာပါလိမ့်မယ်။

စစ်အာဏာသိမ်းခြင်းကိုလက်မခံဘဲ ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ ပြည်သူလူထုအပေါ် ဘယ်လိုပစ်ခတ်သတ်ဖြတ်ခဲ့လဲ။ ပါတီတွေအပေါ် ဘယ်လိုနှိမ်နင်းခဲ့သလဲ။ လူထုကို ချိုးနှိမ်ဖို့ လက်မရွံ့ လက်ကိုင်တုတ်စစ်သားတွေ၊ စုံထောက် တွေ၊ သတင်းပေးတွေနဲ့ မလှုပ်နိုင်အောင်ဘယ်လို ဖိနှိပ်ခဲ့လဲ။ စစ်ကြောရေးမှာသေဆုံးသွားအောင်၊ ရူးသွပ်သွားအောင် ဘယ်လိုညှဉ်းပန်းပြီး ဥပဒေမဲ့လုပ်ဆောင်ခဲ့ကြလဲ။ ပြည်သူ့လွတ်လပ်ခွင့်နဲ့ အခွင့်အရေးတွေကို ဘယ်လိုဖျက်စီးခဲ့လဲ ဆိုတာတွေကို လက်တွေ့နဲ့နှိုင်းယှဉ်ချိန်ထိုးကြည့်ရင် ဖက်ဆစ်တပ်လား တဦးတည်းပိုင် လက်ကိုင်တုတ် စစ်တပ် တပ်လား၊ ပြည်သူ့အတွက်စစ်တပ်လားဆိုတာ အထင်းသားဖြစ်လာတယ်။

ဥပဒေအထက်မှာ ဘယ်သူမှမရှိရဆိုပေမဲ့ “ဥပဒေက မည်သို့ပင်ဆိုစေကာမူ”ဆိုတဲ့ ဖက်ဆစ်တို့ရဲ့လက်သုံးစကားနဲ့ မြန်မာစစ်တပ်ဟာ ဥပဒေအထက်မှာရှိခဲ့ကြတာလည်း ပြည်သူတွေ တွေ့မြင်ခဲ့ကြပြီးဖြစ်တယ်။ လူထုဆန္ဒနဲ့ တက်လာခဲ့ကြတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ဖွဲ့စည်းခဲ့တဲ့ ပြည်သူ့လွှတ်တော်ဆိုတာလည်း အကြိမ်ကြိမ်ဖျက်သိမ်းခံခဲ့ကြရတယ်။ ဒါဟာ လွှတ်တော်ကို စစ်တပ်ကလွှမ်းမိုးခြင်းရဲ့ ပြယုဂ်တခုဖြစ်ခဲ့တယ်။ 

ဒါတွေကိုကြိုမြင်ခဲ့တဲ့အတွက် သခင်အောင်ဆန်းက “ဂျပန်ပြည်မှာလို စစ်ဘက်ကလက်ဝါးကြီးအုပ်ပြီး တိုင်းပြည်လွှတ်တော်က ဘာမှ အစိုးမရတဲ့ စစ်အာဏာရှင်ဝါဒ(ဖက်ဆစ်)မျိုးမရှိရအောင် စစ်ဘက်ကို တိုင်းပြည်လွှတ်တော်က စိုးမိုးနိုင်ခွင့်ရှိရမယ်။ “ မြွက်ဟခဲ့ဖူးတယ်။ ၂၀၂၁ ခု လွှတ်တော်ကို အာဏာလုဖျက်သိမ်းခဲ့ခြင်းကသက် သေခံနေတယ်။

ဒါအပြင်ကြိုတင်နမိတ်ဖတ်ခဲ့တာက “လွတ်လပ်တဲ့ဗမာပြည်မှာ ဒီလိုအဖွဲ့မျိုး ( စစ်သဘောဆောင်နိုင်ငံရေးပါတီ) စစ်သဘောနိုင်ငံရေးပါတီဖြစ်လာတတ်ပြီး ဖြစ်လာတဲ့အခါ ဖက်ဆစ်ဝါဒတွေမွေးမြူလာတတ်တယ်”လို့ သတိပေး ပြောခဲ့တယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ တိုင်းရင်သားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီစတဲ့ ပါတီတွေဟာ သခင်အောင်ဆန်းပြောတဲ့ ဖက်ဆစ်ဝါဒမွေးမြူလာတဲ့ပါတီတွေလို့တောင် ဆိုနိုင်ကောင်းပါတယ်။

မြန်မာဖက်ဆစ်တပ်မတော်ကြီးဟာ လွှတ်တော်ကို လွှမ်းမိုးချုပ်ကိုင်ရုံမက အုပ်ချုပ်ရေးနဲ့ ကာကွယ်ရေးတွေကိုလည်း လွှမ်းမိုးချုပ်ကိုင်ခဲ့တယ်။ စစ်တပ်ဟာ ပြည်သူ့ကာကွယ်ရေးအတွက် မဟုတ်ဘဲ စစ်အာဏာရှင်ကာကွယ်ရေး စစ်တပ်ဖြစ်လာခဲ့တယ်။ ဖက်ဆစ်တပ်ဖြစ်လာခဲ့တယ်။ အခုဆိုရင် ‘ပီအာ’ စနစ်ဆိုတဲ့စစ်အုပ်စုရဲ့ အော်သံတွေက ဥပဒေပြုရေးနဲ့ တရားစီရင်ရေးကို လွှမ်းမိုးချုပ်ကိုင်ဖို့ သတိပေးလိုက်တဲ့ ထစ်ချုန်းသံတွေ ဖြစ်လာပြန်ပါတယ်။  

ဒီလိုအခြေနေဆိုးတွေကြောင့် လူငယ်ပညာတတ်တွေနဲ့ပြည်သူလူထုက “ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်”လို့ကြွေးကြော်လာကြတာပဲဖြစ်တယ်။ အခုဆိုရင် လူငယ်မျိုးဆက်သစ်များဟာ ပြည်သူ့ကာကွယ်ရေးတပ်များဖွဲ့စည်းပြီး ရရာလက်နက်နဲ့ခုခံတွန်းလှန်နေကြတာဖြစ်တယ်။ သူတို့အနာဂတ်အတွက် သူတို့ကိုယ်တိုင် တိုက်ပွဲဝင်နေတယ်ဆိုပြီး လစ်လျူရှုပစ်မထားသင့်။ ပြည်သူတွေကိုယ်တိုင်ကလည်း မိမိတို့သားသမီးများ၏ အနာဂတ်အတွက် ဖက်ဆစ်တပ်အမြစ်ပြတ်ဖို့ လိုအပ်နေပြီဆိုတဲ့အသိနဲ့ တတပ်တအားပါဝင်ကြဖို့  လိုအပ်တယ်။

နှစ်ပေါင်းများစွာ မြန်မာလူထုအပေါ်  ဖိနှိပ်ချုပ်နှောင်ထားတဲ့ ဖက်ဆစ်တို့ရဲ့သံမဏိနှောင်ကြိုး ပြတ်တောက် ချုပ်ငြိမ်းဖို့ အချိန်တန်နေပြီ။ ပြတ်လုနီးပါရှိနေပြီဖြစ်တဲ့အတွက် ပြည်သူအပေါင်းမှ တညီတညွတ်တည်း အတူတကွပါဝင် ရုန်းကန်ဖြတ်တောက်ကြပါရန် လိုအပ်နေပါကြောင်း သတိပေးနှိုးဆော်လိုက်ရပါတယ်။ 

ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ကြလော့…။

 ဂန္ထဝင်မောင်ထူး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024