Home
မြန်မာသတင်း
ဖယ်ခုံတွင် ပြောင်းဖူးချိုးသည့် အမျိုးသမီး ၁ ဦး မိုင်းနင်းမိ
DVB
·
December 3, 2021
262119543_244797977718767_256380300855992563_n

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့ အေလာကွင်းအနီး ပြောင်းဖူးခြံမှာ နေ့စား ပြောင်းဖူးချိုးတဲ့ အမျိုးသမီးတယောက် မိုင်းနင်းမိလို့ ခြေတဖက်  ပြတ်သွားခဲ့ရပါတယ်။

အဆိုပါအေလာကွင်းဟာ ဖယ်ခုံမြို့နယ် BE တပ်အနီးရှိနေတာဖြစ်ပြီး အဆိုပါမိုင်းကို စစ်ကောင်စီတပ်က ထောင်ထားတာလို့ ဒေသခံတယောက်က  ပြောပါတယ်။

“စားစရာမရှိလို့ နေ့စားလိုက်ပါတယ်ဆိုမှ။ အခု သူ့ကို လွိုင်ကော်ဆေးရုံပို့ထားရတယ်။ သူ့ဟာက ဘယ်ဘက်ခြေထောက်ဖြတ်ရတယ်။ သူက နေ့စားလိုက်တာ။ နေ့စားခက ၇၀၀၀ ဆိုတော့ အခုချိန်ဘယ်သူမဆို အလုပ်လည်း မရှိတာနဲ့ တအားသွားကြတာ။ ပြောင်းဖူးခြံက ဒီဘီအီးတပ်နားမှာ။ ဒီကျနော်တို့ ဖယ်ခုံအနောက်မြောက်လောက်ကျမယ်။ အဲမှာ ဘီအီးတပ်တို့၊ ဆက်သွယ်ရေးတပ်တို့၊ ၃၃၆ တို့၊ အဲနားခြံလည်း အစကတည်းက နာမည်ထွက်ပြီးသား။ ပြောင်းဖူးချိုးရင်းနဲ့ မိုင်းတွေတွေ့နေတာ။ အဲနားတဝိုက်မှာ အဲလိုထောင်ထားတယ်ဆိုတာကလည်း လူထုတွေကသိတယ်။ သိတယ်ဆိုပေမယ့် သူလည်း အခုနက ပြောသလို စားဝတ်နေရေးကလည်း စကားပြောတာကိုး။ အဲကျတော့လည်း လိုက်ကြတာပေါ့။”

မိုင်းထိတဲ့အမျိုးသမီးဟာ အသက် ၄၀ ခန့်ရှိပြီး ဖယ်ခုံမြို့ နန်းဟုရပ်မှာ နေထိုင်တာဖြစ်ပါတယ်။ မိသားစုကတော့ မနက်ပိုင်း အီကြာကွေးရောင်းပြီး အသက်မွေးဝမ်းကြောင်းနေတယ်လို့လည်း ဒေသခံက ပြောပါတယ်။

ဖယ်ခုံမြို့နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလကစပြီး တကျော့ပြန် တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် မြို့နယ်တွင်းက ကျေးရွာတချို့ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေကြရသလို အခုချိန်ထိလည်း တချို့အိမ်မပြန်နိုင်သေးဘဲ စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေရပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024