Home
မြန်မာသတင်း
ရင်းနှီးမြှုပ်နှံမှု ဥပဒေ ၁ ခုတည်း ပေါင်းမည်
DVB
·
January 16, 2014
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ ဆက်နွှယ်တဲ့ ဥပဒေ ၂ ခုပြဋ္ဌာန်းထားကို တပေါင်းတစုတည်းဖြစ်ရေး လုပ်ဆောင်သွားမယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန အဆင့်မြင့်အရာရှိက ပြောဆိုလိုက်ပါတယ်။ အာဆီယံဒေသတွင်း နိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့ ဥပဒေ ၁ ခုတည်း ဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ ဥပဒေက ၂ ခု ရှိနေတာပါ။ Oil-Land.jpg.pagespeed.icဒီဥပဒေ ၂ ခုကတော့ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေဆိုပြီး ပြဋ္ဌာန်းထားပါတယ်။ ဒါပေမယ့် ဒီဥပဒေ ၂ ခုစလုံးက ရင်းနှီးမြှုပ်နှံသူတွေကို ပေးထားတဲ့ အခွင့်အရေးတွေ အတူတူပဲလို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ဒီဗွီဘီကို ပြောပါတယ်။ အခုလို ဥပဒေ ၂ ခု ရှိနေတာဟာ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ မေးစရာရှိနေတာ ဖြစ်လို့ ဒီဥပဒေတွေကို တပေါင်းတစုတည်းဖြစ်ဖို့ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ “ရင်းနှီးမြှုပ်နှံမှု သဘောကလည်း နိုင်ငံခြားသားနဲ့ နိုင်ငံသားကို မခွဲရဘူး။ ဥပဒေ ၂ ခု ပြန်ကြည့်လိုက်ရင် အားလုံးပေးထားတဲ့ အခွင့်အလမ်းတွေ အားလုံး အတူတူပဲ။ အတူတူ ဖြစ်ပါလျက် ဥပဒေ ၂ ခု ကွဲနေတဲ့အတွက်ကြောင့် သူတို့ ထောက်စရာ အယူအဆတွေ လွဲသွား နိုင်တာပေါ့။ ဒါနဲ့ ပတ်သက်ပြီး လိုအပ်သလို သုံးသပ်ပြီး ဆောင်ရွက်သွားဖို့ ရှိပါတယ်။” ဒီ့ပြင် နိုင်ငံတကာအဖွဲ့အစည်းဖြစ်တဲ့ International Finance Cooperation (IFC) ကလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုဥပဒေ ၂ ခု ရှိနေတာကို ၁ ခုတည်း ထားရှိဖို့ တိုက်တွန်းပြောဆိုခဲ့သလို မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒတွေအပေါ်မှာလည်း နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးပေးသွားဖို့ မြန်မာအစိုးရနဲ့ သဘောတူမှုစာချွန်လွှာ လက်မှတ်ရေးထိုးထားပါတယ်။ နားလည်မှုစာချွန်လွှာပါ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး ပတ်ဝန်းကျင်ကောင်းတခု ဖြစ်လာစေဖို့ IFC က ပံ့ပိုးပေးသွားမယ့် အခန်းကဏ္ဍတွေကို ဦးအောင်နိုင်ဦးက အခုလို ရှင်းလင်းပြောကြားခဲ့ပါတယ်။ “မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု လုပ်တဲ့အခါမှာ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်းကောင်းတခု ဖြစ်လာဖို့ အားနည်းနေတဲ့ဟာတွေ သူတို့က သုံးသပ်ပြီး လိုအပ်တာလေးတွေ အကြံအဥာဏ်ပြုမယ်။ နောက်လိုအပ်လို့ရှိရင် နည်းပညာဆိုင်ရာ အကူအညီလေးတွေ ပေးမယ်။ အဓိကတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေး ပတ်ဝန်းကျင်းကောင်းတခု ဖြစ်လာဖို့အတွက် စီးပွားရေး ပတ်ဝန်းကျင်ဆိုတာ နိုင်ငံခြားသားတွေအတွက်ပဲ မဟုတ်ဘူး။ မြန်မာနိုင်ငံသားတွေရော၊ နိုင်ငံခြားသားတွေရော ဒီပုဂ္ဂိုလ်တွေအတွက် လှုပ်သာကိုင်သာရှိမယ်၊ ရှင်းလင်းမယ်၊ နောက်တခုက နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ ညီညွှတ်မယ်၊ ဒါမျိုးအခြေခံကောင်းတွေနဲ့ ညီညွှတ်တဲ့ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကောင်းတခု ဖြစ်လာဖို့အတွက်ကို သူတို့က အကူအညီ ပေးဖို့ပါ။” ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေအရ ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းရှင်တွေကို တန်းတူအခွင့်အရေး ပေးတဲ့နေရာမှာ ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့ စိုးရိမ်ပူပန်မှုတော့ ရှိနေပါတယ်။ ဒါကြောင့် အခွင့်အရေးပေးတဲ့နေရာမှာ ပြည်တွင်းလုပ်ငန်းရှင်တွေကို ပိုမိုအခွင့်အရေး ပေးစေလိုကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောပါတယ်။ “အတူတူပဲဆိုတာထက် ကွာခြားမှု ပိုပေးသင့်တယ်။ ဘာလို့လဲဆိုတော့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေကို ဒီအခွင့်အရေးပေးတယ်။ နိုင်ငံသားဆိုရင် ဒီထက်သာတဲ့အခွင့်အရေးတွေ ပေးမယ်ဆိုတာမျိုး လုပ်သင့်တယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ကိုယ့်နိုင်ငံသားတွေရဲ့ အခွင့်အရေးချင်း တူတယ်ဆိုရင် နည်းပညာလည်းသာတယ်၊ ဈေးကွက်ရဲ့ လွှမ်းမိုးမှုလည်း ကြီးတဲ့၊ အရင်းနှီးလည်းများတဲ့ နိုင်ငံက တိုးသွားမှာပေါ့ ရင်းနှီးမြှုပ်နှံမှုမှာ။ ” အစိုးရက တရားဝင်ထုတ်ပြန်တဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံတဲ့ ပြည်ပနိုင်ငံ အသီးသီးရဲ့ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုပမာဏက အခုဘဏ္ဍာ နှစ်ရဲ့ ဧပြီ ၁ ရက်ကစလို့ နိုဝင်ဘာ နောက်ဆုံးရက်အထိကို အမေရိကန်ဒေါ်လာ ၁ ဒဿမ ၈ ဘီလီယံ ရရှိထားပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် ကာလတခုလုံးရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏကို ကျော်လွန်ပြီး အမေရိကန်ဒေါ်လာ သုည ဒဿမ ၄ ဘီလီယံ ပိုမိုရရှိထားပါတယ်။ ဒီ့အပြင် မြန်မာ့ဆက်သွယ်ရေးကဏ္ဍမှာ ပြည်ပနိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုက ၀င်ရောက်လာဖို့ ရှိတာကြောင့် ၂၀၁၃- ၁၄ ဘဏ္ဍာနှစ်မှာ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပမာဏက အမေရိကန်ဒေါ်လာ ၃ ဘီလီယံနီးပါးထိ ရရှိဖို့ အစိုးရက မျှော်မှန်းထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024