ပခုက္ကူမြို့ မြို့မဈေးကြီး အပြင်ဘက်တန်း အနောက်တောင်ထောင့်က ဈေးဆိုင်ခန်းတွေ နိုဝင်ဘာ ၃၀ မနက် ၂ နာရီခွဲအချိန်လောက်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ပခုက္ကူခရိုင် မြို့နယ်မီးသတ် တပ်ဖွဲ့က မီးငြိမ်းသတ်ယာဉ် ၄ စီး၊ မီးသတ်ရေသယ်ယာဉ် ၂ စီး၊ မီးသတ်စက်ယာဉ် ၁ စီး၊ အထောက်အကူပြုယာဉ်တစ်စီး၊ အုပ်ချုပ်မှုယာဉ် တစ်စီး တို့ သွားရောက်ငြှိမ်းသတ်ခဲ့ပြီး ၃နာရီ ကျော်အချိန်လောက်မှာ မီးလုံး၀ ငြိမ်းသတ်နိုင်ခဲ့တယ်လို့ ပခုက္ကူခရိုင် မီးသတ်တပ်ဖွဲ့က သိရပါတယ်။
မျက်မြင်တွေ့သူတစ်ဦးက “၂ နာရီခွဲလောက်တုန်းက ဥသြဆွဲသံ ကြားရတယ်။ ပြီးမှ ဈေးမီးလောင်တယ် ကြားတော့သွားကြည့်တော့ မီးတော်တော်ကြီးတယ်။ မနက်ပိုင်းအထိ ငြိမ်းလို့ မပြီးသေးဘူး အစောလေးကမှ တစ်ခေါက်သွားကြည့်တော့ ငြိမ်းတော့ ငြိမ်းပြီး အကင်းတော့ မသေသေးဘူး။ လောင်တာကတော့ ထီဆိုင်လား စတိုးဆိုင်လားမသိဘူး ဘေးကိုတော့ နည်းနည်းကူးသွားတယ်။ အများကြီးတော့ မဟုတ်ဘူး။ မေသရဖူတို့ ယဉ်ယဉ်စတိုးတို့ ဘက်အခြမ်းက အတန်းတွေလောင်တာ၊ ဆုံးရှုံးတာ အကုန်ဘာမှကျန်တယ်မထင်ဘူး အကုန်လောင်သွားတာပဲ” လို့ ပြောပါတယ်။
မီးလောင်မှုဟာ ပခုက္ကူမြို့ အမှတ် ၉ ရပ်ကွက်၊ တန်ဆောင်တိုင်လမ်းနဲ့ ဖောင်တော်ဦး လမ်းဆုံမှာရှိတဲ့ ဆိုင်ခန်းတွေ မီးလောင်ခဲ့တာဖြစ်ပြီး မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းအရင်းကို မသိရှိရသေးဘူးလို့ ဆိုပါတယ်။
ပခုက္ကူမြို့မှာ နိုဝင်ဘာ ၂၈ ရက်နေ့က စတင်ကာ အမျိုးသား ၂ ဦး၊ အမျိုးသား ၃ ဦး ဆိုင်ကယ်မစီးနင်းရအမိန့် ထုတ်ပြန်ထားပါတယ်။ ပစ်ခတ်သတ်ဖြတ်မှုတွေမှာ တစ်ဦးက ဆိုင်ကယ်စီးနင်းပေးပြီး တစ်ဦးက အကြမ်းဖက်လုပ်ရပ်တွေကို လုပ်နေတာကြောင့် အခုလို အမိန့်ထုတ်ပြန်တာလို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။