စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်း မန္တလေး-ရွှေဘိုလမ်းမကြီးပေါ်မှာ နိုဝင်ဘာလ ၂၇ ရက် ည ၁၁ နာရီလောက်က စစ်ယာဉ်တန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ရွှေဘိုဘက်ကို ဦးတည်ထွက်ခွာလာတဲ့ စစ်ကိုင်း တပ်မ-၃၃ က စစ်ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရတာကြောင့် ကားတစ်စီးပျက်စီးသွားပြီး စစ်သား ၁၈ ယောက်လောက် ဒဏ်ရာ ရသွားတယ်လို့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
“ဒီကောင်တွေက မိုးကာအုပ်တွဲကား နှစ်စီး၊ Express ကား ၇ စီး စုစုပေါင်း ၉ စီးပေါ့။ ရွှေဘိုဘက်ကို ဦးတည်သွားနေတာ။ ကျနော်တို့အဖွဲ့က လမ်းမကြီး တနေရာကနေ မိုင်းဆွဲခဲ့တယ်။ ကားမှန်တွေ ကွဲထွက်သွားပြီး ၁၈ ယောက်လောက်ကတော့ ပြင်းပြင်းထန်ထန်ထိတယ်။”
စစ်ကောင်စီတပ်ဟာ ရွှေဘိုမြို့နယ်နဲ့ ဒီပဲယင်းနယ်စပ်ကို ထိုးစစ်ဆင်သွားတာ ဖြစ်နိုင်လို့ တဖက်သတ်ဖိအား မများအောင် မိုင်းဆွဲခဲ့တာလို့လည်း ဆိုပါတယ်။
ဝက်လက်မြို့နယ်အတွင်း နိုဝင်ဘာ ၁၉ ရက်ကလည်း တည်တောကျေးရွာကို စစ်ကြောင်း ထိုးလာတဲ့ စစ်တပ်နဲ့ လက်နက်ကိုင်ပျူစောထီးအဖွဲ့တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ ဘက်က ၃၀ ခန့် ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။