Home
မြန်မာသတင်း
မြိုင်မြို့ လူစည်ကားရာနေရာတွင် မိုင်းပေါက်ကွဲပြီး ပြည်သူ ၂ ဦးသေဆုံး၊၃ ဦး ဒဏ်ရာရ
DVB
·
November 27, 2021

မကွေးတိုင်း၊ မြိုင်မြို့ လူစည်ကားရာနေရာတခုမှာ  နိုဝင်ဘာ ၂၇ ရက်ညနေပိုင်းက မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပြီး ပြည်သူ ၂ ယောက်သေဆုံးကာ ၃ ယောက် ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြိုင်မြို့ မြသီတာကန်မှာ ဒီ ညနေ ၄ နာရီလောက် မိုင်းတစ်လုံးပေါက်ကွဲပြီး အမှိုက်ကောက်တဲ့ လူငယ် ၅ ယောက်မိုင်း ထိမှန်ကာ ၂ ယောက် ပွဲချင်းပြီး သေဆုံးခဲ့သလို ၃ ယောက်မှာ အပြင်းထန်ဒဏ်ရာ ရ သွားတယ်လို့ မြိုင်မြို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

မြသီတာကန်ဟာ ညနေပိုင်းဆိုရင် မြို့ခံပြည်သူအများစု စည်ကားတဲ့ နေရာတစ်ခုလည်းဖြစ်ပြီး  အပန်းဖြေ လမ်းလျှောက်ရင် အစားသောက်တွေ ထွက်စားတဲ့နေရာ တစ်ခုဖြစ်တယ်ပါတယ်။

​ဒီပေါက်ကွဲမှုဖြစ်စဉ်ဟာ မြိုင် PDF တပ်ဖွဲ့က လုပ်ဆောင်တာ လုံးဝမဟုတ်ကြောင်းနဲ့ စစ်အုပ်စုနဲ့ ပျူစောထီးအဖွဲ့ဝင်တွေက PDF ကို အထင်လွဲအောင် အကွက်ကျကျ ဖန်တီးတာသာ ဖြစ်တယ်လို့ ထုတ်ပြန် ရှင်းလင်းထားပါတယ်။

သေဆုံးသွားတဲ့ ပြည်သူတွေနဲ့  ဒဏ်ရာရတဲ့သူတွေအတွက် မိသားစုနဲ့ ထပ်တူ ဝမ်းနည်းရတယ်လို့ မြိုင် PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

မြိုင် PDF တပ်ဖွဲ့အနေနဲ့ အများပြည်သူ သွားလာနေတဲ့နေရာတွေမှာ ဖောက်ခွဲတာတွေ လုံးဝ မပြုလုပ်ဘဲ စစ်အုပ်စုကို တိုက်ခိုက်ရာမှာလည်း အများပြည်သူနဲ့ မလွတ်ကင်းလို့ နောက်ဆုတ်ခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်လို့လည်း တာဝန်ခံက ဆိုပါတယ်။

မြိုင် PDF အနေနဲ့ စစ်ကောင်စီတပ်တွေအပါဝင် သူတို့ရဲ့ စီပွားရေးဒေါက်တိုင်တွေ၊သူတို့နဲ့ ဆက်နွှယ်တဲ့သူတွေကို ပစ်မှတ်ထား တိတိကျကျ တိုက်ခိုက်နေတာဖြစ်ပြီးတော့ အခုဖြစ်စဉ်နဲ့ ပတ်သက်လို့လည်း မြိုင်PDF က ကြေညာချက်ထုတ်ပြန်သွားမယ်လို့ ပြောပါတယ်။

မြိုင်မြို့နယ် ဇီးဖြူပင်ရွာမှာလည်း ပြီးခဲ့တဲ့တစ်ပတ်လောက်က မိုင်တဲလ် တာဝါတိုင်နားမှာ ထောင်ထားတဲ့မိုင်းကို နွားကျောင်းသားတစ်ယောက် တက်နင်းမိပြီးတော့ ခြေထောက် ထိခိုက် ဒဏ်ရာရရှိသွားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024