DVB Logo
Home
မြန်မာသတင်း
ဘုတလင်နှင့် ကြို့ပင်ကောက်ဒေသတွင် စစ်တပ်ပိုင် Mytel တာဝါတိုင် ၂ တိုင် မိုင်းခွဲ ဖျက်ဆီးခံရ
DVB
·
November 27, 2021
ဘုတလင်နှင့်  ကြို့ပင်ကောက်ဒေသတွင်  စစ်တပ်ပိုင် Mytel တာဝါတိုင် ၂ တိုင် မိုင်းခွဲ ဖျက်ဆီးခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ရုံတောကျေးရွာအနီးက  စစ်တပ်ပိုင် Mytel တာဝါတိုင်ကို နိုဝင်ဘာ ၂၆ ရက် မနေ့ ညနေ ၄ နာရီလောက်က  မိုင်းဆွဲဖျက်ဆီးခံရတယ်လို့ ဒေသခံရွာသားတွေဆီက သိရပါတယ်။

အဆိုပါ  မိုင်းခွဲဖျက်ဆီးမှုကို  ဘုတလင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သူတို့ လက်ချက်လို့  အတည်ပြု ပြောပါတယ်။ 

“ကျနော်တို့ မြို့နယ်အတွင်း စစ်ကောင်စီ ဒေါက်တိုင်မှန်သမျှ မရှိစေချင်လို့ အခုလိုဖျက်ဆီးရတာဗျ။ ပထမက အဲတိုင်ကို ကျနော်တို့ ပြီးခဲ့တဲ့လတုန်းက ဖျက်ဆီးထားတာကို ဒီကောင်တွေ ပြန်ပြင်ဖို့ ကြိုးစားလာတယ်။ ဒါကြောင့်မို့ ကျနော်တို့ အခုလို မိုင်းဆွဲဖျက်ဆီးပစ်ရတာ” လို့ ဘုတလင် ပကဖအဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

ဘုတလင်မြို့နယ်အတွင်း စစ်တပ်ပိုင်  Mytel တာဝါတိုင် ဖျက်ဆီးတာတွေသာမက စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကိုပါ နိုဝင်ဘာ ၂၅ ရက်က ရေဘုတလင်ကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်သား ၁၀ ယောက်ထက်မနည်း  သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အလားတူ ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်၊ အနောက်ဘုရားကြီးကျေးရွာအနီးမှာလည်း Mytel တာဝါတိုင်ကို ကြို့ပင် ကောက်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (GBK-PDF) က နိုဝင်ဘာ ၂၆ ရက်က ည ၁၁ နာရီဝန်းကျင်က ဗုံးခွဲဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။

ဗုံးခွဲဖျက်ဆီးခံရမှု ကြောင့် တာဝါတိုင်အောင်ခြေစက်ခန်းထဲက စက်တွေပျက်စီးသွားတယ်လို့ GBK-PDF တာဝန်ခံက အတည်ပြုပြောဆိုပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံတဦးက ''ကျနော်တို့ အခုလို Mytel တိုင်တွေ လိုက်ဖျက်နေရတာကလည်းတပိုင်းပေါ့။ ပြည်သူတဦးချင်းစီအနေနဲ့လည်း ဖက်စစ်စစ်တပ်ရဲ့ Mytel အပါအဝင်အခြားပစ္စည်းတွေကိုမသုံးစွဲကြဘဲ စစ်အာဏာရှင်ဖြုတ်ချရေး နွေဦးတော်လှန်ရေးမှာ အင်တိုက်အားတိုက်ပါဝင်ကြပါလို့ တောင်းဆိုချင်ပါတယ်'' လို့ ပြော ပါတယ်။

ကြို့ပင်ကောက်မြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေအနေနဲ့ တပတ်အတွင်းနုတ်ထွက်ကြဖို့ ပြင်းထန်စွာသတိပေးထားပြီး မလိုက်နာတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို စတင်တိုက်ခိုက်တော့ယ်လို့ GBK-PDG က သတိပေးကြေညာထားပါတယ်။

ပြည်သူ့ခုခံစစ် အရှိန်အဟုန်မြှင့်ဆောင်ရွက်နေတဲ့ ကာလဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ အပြင်မထွက်ဖို့၊ လူစုလူဝေးလုပ်တာ၊ ဗုံးပေါက်ကွဲတဲ့နေရာတွေကို သွားရောက်စပ်စုကြည့်ရှုတာ၊ စစ်ကောင်စီတပ်တွေနဲ့ နီးကပ်စွာနေထိုင်တာတွေကို အထူးဂရုပြုရှောင်ကြဉ်ကြဖို့လည်း  မေတ္တာရပ်ခံထားပါတယ်။

NUGအစိုးရက ခုခံတွန်းလှန်စစ်ပွဲစတင်ကြောင်း ကြေညာခဲ့တဲ့ စက်တင်ဘာလကတည်းက ဒီကနေ့အချိန်အထိ  မြန်မာနိုင်ငံတဝန်းမှာ စစ်တပ်နဲ့ စစ်ခေါင်းဆောင်ရဲ့ မိသားစု စီးပွားရေးဆက်နွှယ်နေတဲ့  Mytel ကုမ္ပဏီရဲ့ တာဝါတိုင် ပေါင်း  ၃၀၀ နီးပါး ဖျက်ဆီးခံထားရတယ်လို့  မှတ်တမ်းပြုစုထားတဲ့အဖွဲ့ဆီက သိရပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့သမီး ခင်သီရိသက်မွန် ပိုင်ဆိုင်တဲ့ Pinnacle Asia ကုမ္ပဏီဟာ နိုင်ငံတဝန်းမှာ Mytel တာဝါတိုင် ၁၂၀၀၀ လောက်စိုက်ထူခွင့်ရထားတယ်လို့  Justice for Myanmar ရဲ့မှတ်တမ်းအရ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် Mytel ကုမ္ပဏီဟာ ၃ လအတွင်း ဒေါ်လာ ၂၄ ဒသမ ၉ သန်း ထိခိုက်ဆုံးရှုံးပြီး သုံးစွဲသူဦးရေ ၂ သန်းနီးပါးဆုံးရှုံးခဲ့တယ်လို့လည်း  နိုဝင်ဘာလဆန်းပိုင်းမှာ Mytel ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013