ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်က သပိတ်ခေါင်းဆောင်တယောက်ရဲ့ နေအိမ်ကို စစ်ကောင်စီတိပ်က နိုဝင်ဘာ ၂၆ ရက် မနေ့ညက လာရောက် ချိပ်ပိတ်သွားပါတယ်။
ဘုရားကြီးကျေးရွာအလယ်ပိုင်းမှာရှိတဲ့ သပိတ်ခေါင်းဆောင် ကိုထက်ရဲ့အိမ်ကို စစ်သားနဲ့ ရဲအယောက် ၃၀ ကျော်လာရောက်ပြီး ချိပ်ပိတ်ကြောင်း ဆိုင်းဘုတ်ချိတ်သွားသလို ကန့်သတ်တဲ့ကြိုးတွေနဲ့လည်း တားခဲ့တာပါ။
"သူတို့ ၄၊ ၅ ကြိမ်လောက် လာမွှေတယ်။ ဖျက်တယ်။ ပစ္စည်းတွေယူတယ်။ ညက ၆ နာရီ ကျော်လောက်မှာ လာပြီး ချိပ်ပိတ်တယ် လို့ ဗီနိုင်းကပ်သွားတယ်" လို့ ဒေသခံတယောက်က ပြောပါတယ်။
ကိုထက်ရဲ့အိမ်ကို မတ် ၁၇ ရက်ကလည်း စစ်တပ်က ဝင်ရောက်မွှေနှောက်ဖျက်ဆီးခဲ့ပြီး အဲဒီအချိန်ကတည်းက မိသားစုတွေအားလုံး တိမ်းရှောင်နေခဲ့ကြရတာပါ။
"နောက်ပိုင်းဆို ကျနော့်သူငယ်ချင်းတွေတောင် အိမ်ကို မသွားရဲတော့ဘူး။ အိမ်မှာ မိသားစုတွေမရှိကြတော့သလို ပစ္စည်းတွေလည်း မကျန်တော့ဘူး။ အိမ်နံရံတွေကိုတောင် ဖျက်ဆီးတယ်လို့ ကြားတယ်။ ခုကတော့ သူတို့ လုပ်နိုင်တာ အားလုံးကို လုပ်သွားတဲ့ သဘောပါပဲ" လို့ အိမ်ရှင် ကိုထက်က ပြောပါတယ်။
မြန်မာနိုင်ငံတဝန်း တခြားမြို့တွေမှာလည်း အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ အရပ်သားပြည်သူလူထုတွေနဲ့ အန်အယ်လ်ဒီပါတီဝင်တွေရဲ့ နေအိမ်တွေကိုလည်း စစ်ကောင်စီက ချိပ်ပိတ်တာ ၊ ပစ္စည်းတွေကို သိမ်းဆည်းတာတွေကို အဓမ္မလုပ်ဆောင်နေပါတယ်။