မြန်မာပလာဇာတွင် လက်နက်ကိုင်တပ်များ အပြည့်ချထား၊ ဆိုင်ခန်းအများစု ပိတ်သိမ်းပြီး ဝယ်သူမရှိ

ရန်ကုန်မြို့ရှိ မြန်မာပလာဇာစျေးဝယ်စင်တာမှာ ဆန္ဒပြလူငယ်တွေကို လုံခြုံရေးဝန်ထမ်းတွေက အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးမှုဖြစ်ပွားခဲ့ပြီးနောက် နိုဝင်ဘာ ၂၆ ရက် ဒီမနက်ပိုင်းမှာ ပလာဇာအတွင်းရှိ ဆိုင်ခန်းအများစု ပိတ်သိမ်းသွားပြီး ဈေးဝယ်လာရောက်သူတွေလည်း  မရှိတော့ပါဘူး။ 

မနက် ၉နာရီလောက်ကစပြီး မြန်မာပလာဇာ ပတ်ဝန်းကျင် တခုလုံးကို လုံခြုံရေးတိုးမြှင့် တင်းကျပ်ထားပြီး လက်နက်ကိုင်စစ်သားတွေ အပြည့်ချထားတယ်လို့ သိရပါတယ်။ 

"ပလာဇာတဝင်းလုံး အပြည့်ပဲ။ စစ်သားတွေ အင်အားအပြည့် လက်နက်အပြည့်နဲ့ လုံခြုံရေးယူထားကြတာ။ အထဲမှာလည်း ရှိတယ်ကြားတယ်။ ပလာဇာပတ်လည်တော့ လူမရှိဘူး။ ရှင်းလင်းနေတာပဲ" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မနေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ လူငယ်တွေကို ရိုက်နှက် ထိုးကြိတ်ခဲ့တဲ့ မြန်မာပလာဇာက လုံခြုံရေးဝန်ထမ်းတွေရဲ့ လုပ်ရပ်ကို နိုင်ငံတဝန်းရှိ တော်လှန်ရေးအင်အားစုတွေက ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်ထားတဲ့အတွက် လုံခြုံရေးအင်အားတင်းကျပ်ထားတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သိရပါတယ်။ 

မြန်မာပလာဇာအတွင်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့တဲ့ ပြည်သူတွေကို လုံခြုံရေးဝန်ထမ်းတွေက ဝိုင်းဝန်းထိုးကြိတ် ဖမ်းဆီးခဲ့တဲ့အပေါ် ပြည်သူတွေကြား ဝေဖန်မှုမြင့်တက်ခဲ့ပြီးနောက် မြန်မာပလာဇာကို သပိတ်မှောက်ဖို့ တိုက်တွန်းခဲ့ကြတာ ဖြစ်ပါတယ်။ 

အဲ့ဒီတိုက်တွန်းမှုတွေနဲ့အတူ ပလာဇာအတွင်း ဖွင့်လှစ်ထားတဲ့ စျေးဆိုင်ခန်းတွေကလည်း ယာယီပိတ်သိမ်းကြောင်း လူမှုကွန်ရက်စာမျက်နှာတွေက တဆင့်ကြေညာခဲ့ကြပြီးနောက် ဒီကနေ့ မနက်ပိုင်းမှာ မြန်မာပလာဇာမှာ စျေးဝယ်စျေးရောင်းသူ ကင်းမဲ့ ခြောက်ကပ်နေခဲ့တာပါ။ 

"အထဲမှာတော့ ဆိုင်တွေ အကုန်လုံးနီးပါးပိတ်ထားပြီ။ လာတဲ့သူလည်း မရှိဘူး။ ခြောက်ကပ်နေတာပဲ။ ဝန်ထမ်းတချို့တော့ ပစ္စည်းရွှေ့နေတာ တွေ့ခဲ့တယ်။ အရင်ကဆို ပလာဇာ အပြင်မှာ တက္ကစီတွေ အပြည့်နေရာယူထားတာ အခုအဲ့တာတွေလည်း မရှိတော့ဘူး။ အထဲရော အပြင်ရော စစ်သားတွေပဲ ရှိတော့တယ်၊ ကိုဗစ်တုန်းကတောင် အဲ့လောက်ထိ မခြောက်ကပ်ဖူးဘူး" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

မြန်မာပလာဇာဘက်ကတာဝန်ရှိသူတွေကတော့ မနေ့က ဖြစ်စဉ်နဲ့ပတ်သတ်လို့ အနူးအညွတ်တောင်းပန်ကြောင်းနဲ့ ပလာဇာအုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့ တာဝန်ရှိသူတွေကို ပိုမိုတင်းကျပ်တဲ့ စည်းကမ်းတွေနဲ့ တာဝန်ခံမှုတွေကို တိုးမြှင့်သွားမယ်လို့ သတင်းထုတ်ပြန်ခဲ့ပေမယ့်လည်း ပြည်သူတွေဘက်က ပလာဇာရဲ့ တာဝန်ယူမှု တာဝန်ခံမှုကို ဆက်လက်စောင့်ကြည့်သွားမယ်လို့ ပြောဆိုမှုတွေလည်း ရှိနေတာပါ။ 

အောက်တိုဘာလ ၂၅ ရက် မနေ့ ညနေ ၄ နာရီခန့်က မြန်မာပလာဇာ ပရိုမိုးရှင်းပရဝဏ်အတွင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့တဲ့လူငယ်တွေကို ပလာဇာလုံခြုံရေးဝန်ထမ်းတွေက ဝိုင်းဝန်းထိုးကြိတ်ဖမ်းဆီးခဲ့တာပါ။ 

အဲ့ဒီအတွက်ကြောင့် မြန်မာပလာဇာကို သပိတ်မှောက်ဖို့ တိုက်တွန်းကြပြီးနောက်မှာ မြို့တွင်း တက္ကစီကားဆရာ တချို့က မြန်မာပလာဇာကို ဘယ်ခရီးသည်ကိုမှ မပို့ဆောင်ကြောင်း၊ အစားအသောက်နဲ့ ပစ္စည်းပို့ဆောင်သူတချို့ကလည်း  မြန်မာပလာဇာကို မည်သည့်ပစ္စည်း မည်သည့်အစားအသောက်မှ မပို့ဆောင်ကြောင်း ထုတ်ဖော်ပြောဆိုနေကြပါတယ်။ 

ပလာဇာအတွင်းရှိ ဆိုင်းခန်းတွေကလည်း ယာယီပိတ်ထားမှာ ဖြစ်ကြောင်းနဲ့ ပြည်သူတွေကလည်း မြန်မာပလာဇာမှာ စျေးဝယ်တာ မပြုလုပ်ဘဲ သပိတ်မှောက်ဖို့ တိုက်တွန်းခဲ့ကြပြီး ညတွင်းချင်း မြန်မာပလာဇာကို သပိတ်မှောက်မှု အရှိန်အဟုန်မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up