DVB Logo
Home
မြန်မာသတင်း
စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီက မြန်မာဘရူဝါရီလီမိတက်အား ဖျက်သိမ်းပြီး လက်ဝါးကြီးအုပ်ရန် စီမံနေ
DVB
·
November 25, 2021
စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီက မြန်မာဘရူဝါရီလီမိတက်အား ဖျက်သိမ်းပြီး လက်ဝါးကြီးအုပ်ရန် စီမံနေ
Donate to DVB

စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီလီမိတက်က ဂျပန်အခြေစိုက် အဖျော်ယမကာ လုပ်ငန်းဖြစ်တဲ့ Kirin ကုမ္ပဏီနဲ့ အကျိုးတူဆောင်ရွက်နေတဲ့ မြန်မာဘရူဝါရီလီမိတက်အား ဖျက်သိမ်းပြီး လက်ဝါးကြီးအုပ်ဖို့ စစ်ကောင်စီက စီမံနေတယ်လို့ Justice for Myanmar က ထောက်ပြထားပါတယ်။

မြန်မာဘရူဝါရီလိမီတက်ကို  စာရင်းရှင်းလင်းဖျက်သိမ်းသွားဖို့ နိုဝင်ဘာ ၁၉ ရက်က  တရားရုံးမှာ ဦးပိုင်ကုမ္ပဏီက ဦးတိုက်လျှောက်ထားခဲ့ပြီး  လာမယ့် ဒီဇင်ဘာ ၁၀ ရက်မှာ ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးကနေ ဖျက်သိမ်းဖို့ ကြားနာမှာဖြစ်လို့   ကန့်ကွက်လိုသူတွေ လာရောက်ကန့်ကွက်နိုင်တယ်လို့ နိုဝင်ဘာ ၂၂ ရက်ထုတ် မြန်မာ့အလင်းသတင်းစာမှာ  ကြော်ငြာထား ပါတယ်။

အဆိုပါ ဦးတိုက်လျှောက်ထားမှုကို ပယ်ဖျက်ပေးဖို့ တရားရုံးကို လျှောက်ထားသွားမယ်လို့   Kirin ဂျပန်ကုမ္ပဏီဘက်က  တုန့်ပြန် ပြောပါတယ်။ 

မြန်မာဘရူဝါရီလီမိတက်အနေနဲ့ ပြည်တွင်းအဖျော်ယမကာစျေးကွက်မှာ အမည်ရနေတဲ့ လုပ်ငန်းတခုဖြစ်ပြီး ဒီလုပ်ငန်းကနေ မြန်မာဘီယာ၊ Myanmar Premium ဘီယာ၊ Kirin Ichiban ဘီယာ၊ Myanmar Lager ဘီယာ၊ Andaman Gold ဘီယာ၊ Black Shield Stout ဘီယာ စတဲ့ အမှတ်တံဆိပ်တွေ ထုတ်လုပ်ရောင်းချနေတာပါ။

ရှယ်ယာပိုင်ဆိုင်မှုမှာတော့  ဂျပန်အဖျော်ယမကာကုမ္ပဏီဖြစ်တဲ့ Kirin က ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီလီမိတက်က ၄၉ ရာခိုင်နှုန်းပိုင်ဆိုင်ထားပါတယ်။

ဒါကြောင့် မြန်မာဘရူဝါရီလုပ်ငန်းကို ဦးပိုင်က ထိန်းချုပ်ရေး ကြိုးပမ်းမှုကို တားဆီးဖို့နဲ့ ပိုင်ဆိုင်ငွေတွေကို အကြမ်းဖက်အဖွဲ့အစည်းဖြစ်တဲ့ စစ်တပ်လက်ထဲ မရောက်စေဖို့ Kirin ကုမ္ပဏီအနေနဲ့ နိုင်ငံတကာခုံသမာဓိ တရားစီရင်ရေး အပါအဝင် ရရှိနိုင်တဲ့ အစီအမံအားလုံးကို လုပ်ဆောင်ရမယ်လို့ Jusitce for Myanmar ကဆိုပါတယ်။

မြန်မာဘရူဝါရီရဲ့ ရန်ပုံငွေနဲ့ ပိုင်ဆိုင်မှုတွေကို ဦးပိုင်က သိမ်းယူမယ်ဆိုပါက  စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေမှာ ငွေကြေးထောက်ပံ့ဖို့အတွက် အသုံးပြုသွားဖို့ ရှိတာကြောင့် အဲဒီလိုကိစ္စတွေ ပေါ်ပေါက်မလာရေး တားဆီးဖို့လိုတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် မြန်မာဘရူဝါရီရဲ့ ပိုင်ဆိုင်မှုတွေနဲ့ စစ်တပ်စီးပွားရေးလုပ်ငန်းစုတွေရဲ့ ပိုင်ဆိုင်မှု အားလုံးဟာ လက်ရှိ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကကိုယ်စားပြုတဲ့ မြန်မာပြည်သူတွေနဲ့သာ သက်ဆိုင်ရမယ်လို့ Justice for Myanmar က နှိုးဆော်ထားပါတယ်။

ဒါကြောင့် ဂျပန်အခြေစိုက် အဖျော်ယမကာလုပ်ငန်းဖြစ်တဲ့ Kirin ဟာ မြန်မာဘရူဝါရီရဲ့ အနာဂတ်နဲ့ပတ်သတ်တဲ့ ဆုံးဖြတ်ချက်အားလုံးကို NUG က သဘောတူကြောင်း သေချာဖို့ လိုပါတယ်။ 

Kirin ကုမ္ပဏီအနေနဲ့လည်း မြန်မာပြည်သူလူထုအပေါ် ပွင့်လင်းမြင်သာမှု ရှိရမှာဖြစ်သလို လူ့အခွင့်အရေးအား လိုက်နာမှုရှိစေရေးကို အကောင်အထည်ဖော်ရမှာဖြစ်ပြီး မြန်မာစစ်တပ်ရာဇဝတ်ဂိုဏ်းနဲ့ ပတ်သတ်ဆက်နွှတ်မှုအားလုံးကို တာဝန်သိစွာနဲ့ ချက်ချင်း ဖြတ်တောက်ရမယ်လို့ Justice for Myanmar ကဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ  ပထမ လေးလပတ်အတွင်း မြန်မာဘရူဝါရီလီမိတက်ရဲ့ ရောင်းအားမှာ ၄၆ ရာခိုင်နှုန်း ကျဆင်းခဲ့တာကြောင့် ဝင်ငွေအနေနဲ့ ၂၀၂၀ ပြည့်နှစ် ပထမ လေးလပတ်နဲ့ နှိုင်းယှဉ်ပါက မြန်မာကျပ်ငွေ ၆၆ ဘီလီယံလောက် လျော့ကျခဲ့တယ်လို့ ဂျပန်အဖျော်ယမကာကုမ္ပဏီ Kirin က အခု ၂၀၂၁ ဘဏ္ဍာနှစ်အတွက် ထုတ်ပြန်တဲ့ တတိယ သုံးလပတ်အစီရင်ခံစာအရ သိရပါတယ်။ 

စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်တပ်နဲ့ ဖက်စပ် ထုတ်လုပ် ရောင်းချနေတဲ့  မြန်မာဘရူဝါရီလီမိတက်ထုတ်ကုန် မြန်မာဘီယာတွေကို မသောက်သုံး မရောင်းချကြဖို့  မြန်မာပြည်သူ လူထုတွေက သပိတ်မှောက်ထားကြတာဖြစ်ပြီး စစ်တပ်ပိုင်ကုမ္ပဏီကတော့ တခြား တံဆိပ်နဲ့ ပြောင်းထုတ်ဖို့ စီစဉ်နေတယ်လို့လည်း သတင်းထွက်နေပါတယ်။ 

မြန်မာဘရူဝါရီလီမိတက် (Myanmar Brewery Limited) ကို ၁၉၉၅ ခုနှစ် မတ်လမှာ အကျိုးတူဖက်စပ်လုပ်ငန်းအနေနဲ့ တည်ထောင်ခဲ့တာဖြစ်ပြီး စတင်တည်ထောင်ချိန်က အမေရိကန်ဒေါ်လာ ၆၀ မီလီယံ ရင်းနှီးမြှုပ်နှံခဲ့တယ်လို့ အဆိုပါကုမ္ပဏီ လီမိတက်ရဲ ဝက်ဆိုဒ်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေဖြစ်တဲ့ နော်ဝေးအခြေစိုက်တယ်လီနော ဆက်သွယ်ရေးအော်ပရေတာ၊ ဂျာမနီအခြေစိုက် Metro အစားအသောက် လက်လီလက်ကားကုမ္ပဏီ၊ အိန္ဒိယဆိပ်ကမ်းဝန်ဆောင်မှု Adani ကုမ္ပဏီ၊ ဆွစ်ဇာလန်က Kempinski ဟိုတယ်လုပ်ငန်းစု၊ ဩစတြေးလျက Myanmar Metals Limited သတ္တုတူးဖော်ရေးကုမ္ပဏီ၊ ဗြိတိသျှက British American Tobacco Myanmar စီးကရက်ကုမ္ပဏီ စတဲ့ လုပ်ငန်းတွေဟာ စွန့်ခွာသွားပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013