ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ စစ်ကောင်စီတပ်သားတွေနဲ့ အုပ်ချုပ်ရေးပိုင်းက ဝန်ထမ်းတွေ မြို့အဝင် အထွက်ဂိတ်တွေမှာ ပိတ်ဆို့စစ်ဆေးတာတွေ ပိုမိုတင်းကျပ်ပြုလုပ်လာပြီး ဆိုင်ကယ်နဲ့ ကားတွေမှာ နံပါတ်ပြားမပါလာရင် ဒဏ်ငွေ ကျပ် ၁ သိန်းတောင်းနေတယ်လို့ သိရပါတယ်။
စစ်တပ်၊ ရဲတွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး မြို့အဝင် အထွက် ဂိတ်တွေမှာ မနက် ၈ နာရီမှ ညနေ ၄ နာရီထိ ပိတ်ဆို့စစ်ဆေးတာဖြစ်ပြီး ဆိုင်ကယ်နဲ့ ကားတွေရဲ့ နံပါတ်တွေကို အဓိက စစ်ဆေးမှတ်တမ်းယူနေတာဖြစ်တယ်လို့ ကုန်ကားမောင်းသူ တဦးက ပြောပါတယ်။
“ပိုက်ဆံတောင်းတာက ဒီလို နံပါတ်ပြားမပါတာတွေကို ဆောင်ခိုင်းတာ သိတဲ့အတိုင်းပေါ့။ မပါလာတဲ့သူတွေက အိမ်ပြန်မှာရတာပေါ့။ ဆက်မသွားခိုင်းဘူး။. နံပါတ်ပြားမပါလာရင်တ သိန်းတောင်းတာ။”
ဆိုင်ကယ်နဲ့ ကားတွေမှာ နံပါတ်ပြားပါမလာရင် ငွေကျပ် ၁ သိန်းတောင်းသလို ပိုက်ဆံမပေးရင် ထောင် ၃ လချမယ် ဆိုပြီး ခြိမ်းခြောက်တာမျိုးတွေလည်း ရှိနေပါတယ်။
စစ်ကောင်စီခန့်ထားတဲ့ ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဘက်ကတော့ သူတို့ဟာ ရန်ကုန်ဘက်က ဝင်လာမယ့် တော်လှန်ရေးသမားတွေကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် ခုလို ပိတ်ဆို့ရှာဖွေတာလို့ သတင်းထုတ်ပြန်ထားပါတယ်။