DVB Logo
Home
မြန်မာသတင်း
မြန်မာ့ကျောက်မျက်ရတနာများကို အိန္ဒိယနိုင်ငံဇာစ်မြစ်အမည်တပ်ပြီး ရောင်းချနေမှု ကန့်ကွက်
DVB
·
November 24, 2021
မြန်မာ့ကျောက်မျက်ရတနာများကို အိန္ဒိယနိုင်ငံဇာစ်မြစ်အမည်တပ်ပြီး ရောင်းချနေမှု ကန့်ကွက်
Donate to DVB

အိန္ဒိယနိုင်ငံ အခြေစိုက် Vaibhav Global ကျောက်မျက်ရတနာကုမ္ပဏီဟာ မြန်မာနိုင်ငံကထွက်တဲ့ မိုးကုတ်၊ မိုင်းရှုးပတ္တမြားတွေနဲ့ မြန်မာ့ကျောက်မျက်တွေကို အိန္ဒိယနိုင်ငံ ဇာစ်မြစ်အမည်တပ်ပြီး Amazon၊ Overstock စတဲ့အွန်လိုင်းကုမ္ပဏီတွေအပြင် ဝက်ဘ်ဆိုက်တွေ ရုပ်သံချန်နယ်တွေကတဆင့် ဆက်လက်ရောင်းချနေတာဟာ လက်ခံနိုင်စရာ မရှိတဲ့အကြောင်း Justice for Myanmar အဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

အခုလို အမေရိကန်နိုင်ငံရဲ့ အထင်ကရ အွန်လိုင်းအရောင်းဆိုင်တွေက မြန်မာ့ကျောက်စိမ်းနဲ့ ပတ္တမြားတွေကို ဆက်လက်ရောင်းချနေခြင်းဟာ မြန်မာပြည်သူလူထုကို အကြမ်းဖက်ချေမှုန်းနေတဲ့ စစ်ကောင်စီအတွက် အကျိုးအမြတ်ဖြစ်စေတယ်လို့လည်း ဝေဖန်ကန့်ကွက်ထားပါတယ်။ 

စစ်အစိုးရကို တိုက်ရိုက်အကျိုးပြုနေတဲ့  MGE မြန်မာ့ကျောက်မျက်လုပ်ငန်းဟာ အမေရိကန်အစိုးရက အရေးယူပိတ်ဆို့တဲ့စာရင်းထဲမှာ ပါဝင်နေပေမယ့် မြန်မာ့ကျောက်မျက်တွေကို အမေရိကန်နိုင်ငံတွင်း တင်သွင်းခွင့် ပိတ်ပင်မှုမရှိသေးတဲ့အတွက် ဆက်လက် ကုန်သွယ်ရောင်းဝယ်နေနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။

ကျောက်စိမ်းနဲ့ ပတ္တမြား စီးပွားရေးလုပ်ငန်းလိုင်စင်တွေအတော်များများကို ချုပ်ကိုင်ထားတဲ့ စစ်ကောင်စီပိုင် မြန်မာ့စီးပွားရေးဉီးပိုင်လီမိတက်ကို အမေရိကန် ဗြိတိန်နဲ့ ဉရောပသမဂ္ဂက ပြီးခဲ့တဲ့မတ်လနဲ့ ဧပြီလတွေကတည်းက အရေးယူပိတ်ဆို့ခဲ့ပါတယ်။

မြန်မာ့ကျောက်မျက်လုပ်ငန်း MEG ကိုလည်း အမေရိကန် ဘဏ္ဍာရေးဌာန ဗြိတိန် ဉရောပသမဂ္ဂတွေက ပိတ်ဆို့အရေးယူထားပါတယ်။

Amazon အွန်လိုင်းရောင်းဝယ်ရေးမှာ မြန်မာ့ပတ္တမြားလက်စွပ် လက်ကောက်နဲ့ ဆွဲသီးတွေ တင်ပြရောင်းချနေပြီး မူရင်းဇာစ်မြစ်နိုင်ငံကိုတော့ အိန္ဒိယလို့ စာရင်းသွင်းထားပါတယ်။ မိုးကုတ် မိုင်းရှုး ပတ္တမြားတွေလို့ ဖေါ်ပြရောင်းချမှုတွေလည်းရှိနေပြီး မူရင်း ဇာစ်မြစ်နိုင်ငံကို အိန္ဒိယလို့ပဲ ဖေါ်ပြထားပါတယ်။

Overstock အရောင်းဝက်ဘ်ဆိုက်မှာလည်း အိန္ဒိယပိုင် Vaibhav Global ကထုတ်လုပ်တယ်ဆိုတဲ့ ကျောက်စိမ်းနဲ့ ပတ္တမြားတွေကို Burmese Jade ၊ Burmese Ruby လို့ အမည်တပ်ထားပေမယ့် မူရင်း ဇာစ်မြစ်နိုင်ငံ အိန္ဒိယလို့ပဲ စာရင်းသွင်းထားပါတယ်။ 

Walmart အွန်လိုင်းအရောင်းဆိုင်ကတော့ ပြီးခဲ့တဲ့အောက်တိုဘာလကတည်းက မြန်မာ့ ကျောက်စိမ်းနဲ့ ပတ္တမြားတွေကို အရောင်းစာရင်းကနေ ဖယ်ရှားခဲ့တယ်လို့ Justice for Myanmar အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလက တင်သွင်းခဲ့ပြီး အမေရိကန် ကွန်ဂယက်လွှတ်တော်က ကြားနာဖို့ရှိတဲ့ Burma Act 2021 ရဲ့ Section 203  (ပုဒ်မ ၂၀၃)  အရ မြန်မာနိုင်ငံက ကျောက်မျက်တွေ အမေရိကန်နိုင်ငံတွင်း တင်ပို့ခွင့်ကို ကန့်သတ်နိုင်မှာဖြစ်တဲ့အတွက် Burma Act 2021ကို အတည်ပြုပြဋ္ဌာန်းနိုင်ရေး  အမေရိကန်အောက်လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ မြန်မာ ပြည်သူလူထုနဲ့ အတူရပ်တည်ဖို့လည်း Justice for Myanmar က တိုက်တွန်းထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013