စစ်ကိုင်းတိုင်း ကလေးခရိုင် မင်းကင်းမြို့နယ်မှာ နိုဝင်ဘာ ၂၃ ရက်နေ့က ချင်းတွင်းမြစ်အတွင်းကနေ ဆန်တက်လာတဲ့ စစ်ကောင်စီ ရေယာဥ်တွေကို မင်းကင်း PDF အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မုံရွာဘက်ကနေ ဆန်တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ရေယာဥ်တွေဟာ ကလေးဝဘက်က စုံဆင်းလာတဲ့ စစ်ကောင်စီရေယာဥ်တွေကို လုံခြုံရေးပေးဖို့ လာစဥ်မှာ ကြားဖြတ်တိုက်ခိုက်ခံခဲ့ရတာလို့ သိရပါတယ်။
တိုက်ခိုက်ခံခဲ့ရတာဟာ မင်းကင်းမြို့နယ်အတွင်းက တစ်နေရာမှာဖြစ်ပြီး နိုဝင်ဘာ ၂၃ ရက် နေ့လယ် ၁ နာရီဝန်းကျင်လောက်ကဖြစ်ကာ စစ်ကောင်စီတပ်ဖွဲ့ အမြန်ရေယာဥ် ၂ စီးနဲ့ စပိဘုတ် ၁ စီး စုစုပေါင်း ၃ စီးဖြစ်တယ်လို့ ဒေသခံ PDF တိုက်ခိုက်ရေးခေါင်းဆောင်က ပြောပါတယ်။
တိုက်ခိုက်မှုမှာ အပြန်အလှန်ပစ်ခတ်ခဲ့ကြတာဖြစ်ပြီး စစ်ကောင်စီဘက်ကတော့ ထိခိုက်မှုရှိနိုင်ပေမယ့် အတိအကျ မသိရသေးသလို ဒေသခံ PDF အဖွဲ့ဘက်ကတော့ ထိခိုက်မှုတစ်စုံတရာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
နိုဝင်ဘာ ၂၃ ရက်နေ့ မနက် ၇ နာရီခွဲလောက်ကလည်း ကနီမြို့နယ် ချင်းတွင်းမြစ်အတွင်း အမြန်ရေယာဉ်နှစ်စီးနဲ့ ကနီပြည်သူ့ကာကွယ်ရေးတပ်တို့ ပစ်ခတ်မှုတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။
စစ်ကောင်စီရေယာဥ်တွေဟာ ချင်းတွင်းမြစ်အတွင်းမှာ မကြာခဏဆိုသလို ဒေသခံ PDF အဖွဲ့တွေရဲ့ တိုက်ခိုက်ခြင်း ခံနေရတာလည်းဖြစ်ပါတယ်။