မြန်အောင်မြို့နယ်တွင် ဒေသခံပြည်သူ ၃၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်မှာ နိုဝင်ဘာ ဒုတိယပတ်အတွင်း အရပ်သားပြည်သူ အယောက် ၃၀ ကျော်ကို စစ်ကောင်စီက PDF နဲ့အဆက်သွယ်ရှိတယ်လို့ စွပ်စွဲကာ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြို့ပေါ်ရပ်ကွက်မှာ နေထိုင်သူတွေအပြင် ကျေးရွာတွေမှာ နေထိုင်တဲ့သူတွေကိုပါ အန်အယ်လ်ဒီ ပါတီဝင်ထားရင် PDF နဲ့ အဆက်သွယ်ရှိရမယ်ဆိုပြီး စွပ်စွဲဖမ်းဆီးနေတာ ဖြစ်ပါတယ်။
“လုပ်လုပ် မလုပ်လုပ် လာဖမ်းရင် ခံရတာ ဒီတပတ်ထဲမှာ ဖမ်းတာ ၃၀ ကျော်လောက်ရှိမယ်။ ဒါတောင် သိသလောက်ပြောတာ မသိတာတွေ ကျန်ဦးမယ်။ ဖမ်းသွားရင် အဆက်သွယ်မရဘူး။ သူတို့ပြန်လွှတ်မယ့်သူဆိုရင်တော့ မိသားစုကို လာဆက်သွယ်တယ်”လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီက ဒေသခံ အန်ယ်လ်ဒီပါတီဝင်တချို့နဲ့ ဝန်းရံသူတချို့ကို ဖမ်းဆီးသွားပြီး ငွေတောင်းကာ ပြန်လွှတ်တာ တွေရှိပေမယ့် စာရင်းအတိအကျကိုတော့ မသိရဘူးလို့ ဆိုပါတယ်။
မြန်အောင်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စွပ်စွဲဖမ်းဆီးခံရတဲ့ ဒေသခံပြည်သူ အယောက် ၅၀ ကျော်ထိရှိတယ် လို့ သိရပါတယ်။