မန္တလေး ဝါးလက်မှု အာလိန်မီးအိမ် မှာယူမှု များပြားလာ

မန္တလေးမြို့ စွန့်ဦးတီထွင်ဝါးလက်မှု လုပ်ငန်းမှာ  ပြည်တွင်းဈေးကွက်အတွင်း အာလိန်မီးအိမ်တွေ လူကြိုက်များ မှာယူမှုများပြားလာတယ်လို့ ဘိုးသိကြားမင်းအနုပညာလုပ်ငန်း(Grand Indra Arts) က ပြောပါတယ်။

အာလိန်မီးအိမ်တွေကို အရင်က မျက်နှာကြက် ချိတ်ဆွဲဒီဇိုင်းတွေ တီထွင်ခဲ့ပြီး လက်ရှိမှာတော့ မှာယူမှုအပေါ်မူတည်ပြီး ချိတ်ဆွဲနိုင်တဲ့ ပုံစံအမျိုးမျိုးကို တီထွင်ထုတ်လုပ်ပေးနိုင်ခဲ့တာကြောင့်အခုလို မှာယူမှုများပြားလာတာလို့ ဆိုပါတယ်။ 

ကမ္ဘာ့ဈေးကွက်အတွင်းမှာလည်း အခုလို ဒီဇိုင်းတွေကို ဝါးပစ္စည်းဈေးကွက်အတွင်းမှာ မရှိသေးတဲ့အတွက် လူကြိုက်များလာတာလို့ ဘိုးသိကြားမင်းအနုပညာလုပ်ငန်း ဝါးလက်မှုပညာရှင် ဦးဝင်းမောင်ငြိမ်းက  ပြောပါတယ်။

“လက်ရှိ မြန်မာနိုင်ငံမှာတော့ ဒီနှစ်ကုန်ခါနီးအပိုင်းမှာ ကျနော့်ရဲ့ ကိုယ်ပိုင်ဒီဇိုင်းဖြစ်တဲ့ ဒေါင်းလန်းရယ်၊ မြန်မာ့ရိုးရာနှီးသမိုင်းဝင်ပုံစံကျ နည်းစနစ်ကျကျ မြန်မာ့ဒိုင်းလန်းကလပ်ရယ်၊ ကျနော်ထုတ်လုပ်တဲ့ မီးအိမ်အာလိန်လေးတွေပေါ့နော် အာလိန်အဆင့်လေးတွေရယ် ဒါလေးတွေကို မှာယူမှုများပြားပါတယ် အကြိုက်ချင်းလည်း သူတို့တူညီကြပါတယ်။ ဒါလေးတွေက မီးထွက်ပြီးတော့ အလှအပ သူတို့ခံစားကြတဲ့အခါမှာ မြန်မာနိုင်ငံမှာတင်မကဘူး ကမ္ဘာမှာပါ ဒီ ပုံစံလေးတွေမရှိသေးဘူးပေါ့နော်။ ကျနော့်နည်း ကျနော့်ဟန်နဲ့ပေါ့နော် ဆန်းသစ်ထားတဲ့အရာ အမြင်ဆန်းတယ်ဆိုပြီးတော့ ပစ္စည်းကိုပဲ မှာယူမှုတွေက တော်တော်များပြားပါတယ်။”

ဈေးနှုန်းတွေကတော့ ပြုလုပ်ချက် သေသပ်မှု အရည်အသွေး နဲ့ မှာယူမှုဈေးနှုန်းပေါ်မူတည်ပြီး သောင်းကျော်တန်ကနေ သိန်းကျော်တန်အထိ အမျိုးမျိုး ရှိတယ်လို့ သိရပါတယ်။ 

ပြည်ပ တင်ပို့နိုင်ဖို့အတွက် နိုင်ငံတကာ ဝါးပညာရှင်တွေရဲ့ စမ်းသပ်မှုကို ခံနိုင်တဲ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး နိုင်ငံတကာ ဈေးကွက်အထိ ထိုးဖောက်နိုင်အောင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

မြန်မာ့ဝါးပညာ ကမ္ဘာကို ရင်ပေါင်တန်းတိုင်ဖို့အတွက် တီထွင် ဖန်တီးမှုတွေ ပြုလုပ်သွားမှာဖြစ်သလို နိုင်ငံတဝန်းက ဝါးလက်မှုလုပ်ငန်းရှင်တွေ ပူးပေါင်းပြီး ဝါး မြန်မာ့လက်မှုအနုပညာတွေစုပေါင်း ပြသမယ့် ပြတိုက်တစ်ခုဖြစ်ဖို့လည်း ကြိုးစားနေကြတယ်လို့ ဦးဝင်းမောင်ငြိမ်းက ပြောပါတယ်။ 

“မြန်မာ့ရဲ့ဝါးပညာ ကမ္ဘာကိုရင်ပေါင်တန်းနိုင်ဖို့ မြန်မာ့ရဲ့ ဝါးလက်မှုပစ္စည်း ဝါးထုတ်ကုန်ပစ္စည်း ဝါးနဲ့ပက်သက်တဲ့ ကျနော်တို့ အဆင့်မြင့်တွေနဲ့ အလှကုန်ပစ္စည်းတွေလည်း ရှိပါတယ်။ ဒါတွေလည်း နိုင်ငံတကာ ဈေးကွက်ရရှိဖို့ ပြည်တွင်းမှာဝါးပေါ်မူတည်ပြီးတော့ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ရရှိဖို့ ဒါတွေလည်း ကျနော်ရဲ့  ရည်မှန်းချက်ဖြစ်ပါတယ်။ မြန်မာပြည်တစ်ဝန်းလုံးမှာ ကျနော်တို့ ဝါးလောကကဏ္ဍကို ဖော်ထုတ်မြှင့်တင်ပေးခဲ့တဲ့ မိတ်ဆွေတွေပူးပေါင်းပြီး ကမ္ဘာကလေးစားရတဲ့ မြန်မာ့ဝါးလက်မှု အနုပညာတွေ မြန်မာ့ရိုးရာ မှတ်တမ်းတွေရှိတဲ့ စုံလင်သောပြတိုက်ကြီးဖြစ်ဖို့ ကျနော်တို့ ရည်မှန်းချက်အနေနဲ့ ဆက်လက်ပြီးကြိုးစားနေပါတယ်။ နေ့စဉ်နဲ့အမျှ နိုင်ငံတကာလက်ခံနိုင်တဲ့ နိုင်ငံတကာ နည်းစနစ်နဲ့အညီ၊ နိုင်ငံတကာကလေးစားရတဲ့ နည်းစနစ်တွေနဲ့ ဒီဇိုင်းသစ်တွေပုံစံသစ်တွေ နည်းပညာတွေ  Research လုပ်ပြီးတော့ သုတေသနပြုပြီးတော့ နေ့စဉ်နဲ့အမျှလက်ရှိထုတ်လုပ်နေပါတယ်။”

ပြည်တွင်းမှာတော့ အာလိန်မီးအိမ်မျိုးစုံကို ဟိုတယ်နဲ့ စားသောက်ဆိုင်လုပ်ငန်းရှင်တွေနဲ့ အိမ်တွင်းအလှဆင် လုပ်ငန်းတွေက အကြိုအော်ဒါ မှာယူမှုတွေရှိနေတယ်လို့ သိရပါတယ်။ ဝါးမီးအိမ်တွေကို ပြည်ပကို တင်ပို့ရောင်းချနိုင်ဖို့အတွက်လည်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up