မကွေးတိုင်း၊ ပခုက္ကူ-ကျောက်ထုလမ်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ကျောက်ထု အမြောက်တပ်ကို လောင်စာဆီပို့ဆောင်နေတဲ့ ဆီသယ်ယာဉ် ၁ စီးကို နိုဝင်ဘာ ၂၁ ရက်နေ့၊ နေ့လယ် ၂ နာရီဝန်းကျင်မှာ ကျောက်ထုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Kyaukhtu PDF) က မီးရှို့ဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။
“အဲဒီကားက ကျောက်ထုက လေတပ်နဲ့ အမြောက်တပ်ဆီ ပို့နေတဲ့ကား။ ဒီတခေါက်မှာ စစ်ဆေးကြည့်တော့ အမြောက်တပ်ကိုဆီ ပို့သွားမှာဆိုလို့ မီးရှို့ဖျက်ဆီးလိုက်တာပါ။ ကားမောင်းသမားကလည်း စစ်ကောင်စီတပ်ဖွဲ့ထဲက မိသားစုဝင်ပဲ။ ဒါပေမဲ့ သတိပေးစကားပြောပြီး ပြန်လွှတ်ပေးလိုက်ပါတယ်” ကျောက်ထူး PDF သတင်းပြန်ကြားရေးတာဝန်ခံက အတည်ပြုပြောပါတယ်။
မကွေးတိုင်းအတွင်းက ထီးလင်း-ကျောက်ထု နယ်စပ်လမ်းပိုင်း၊ ကျောက်ထု-ဆာကြားလမ်းပိုင်းရဲ့ နေရာတချို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပေါ်နိုင်လို့ ပြည်သူတွေအနေနဲ့ သေရေးရှင်ရေးကိစ္စကလွဲပြီး လမ်းပေါ်မထွက်ကြဖို့ ကျောက်ထု PDF က အသိပေးထုတ်ပြန်ထားပါတယ်။
ကျောက်ထု၊ ထီးလင်း၊ ဂန့်ဂေါ၊ ကလေး၊ ပေါက်၊ ယောနဲ့ ဆောမြို့နယ်တွေမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်တွေ အထိနာပြီး သေဆုံးထိခိုက်ပျက်စီးမှုတွေ များပြားနေသလို အကြမ်းဖက်စစ်ကောင်စီဘက်ကလည်း စစ်ကောင်စီတပ်သားအင်အားတွေ တိုးမြှင့်ချထားနေတာတွေရှိနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
တောင်ပေါ်ဒေသယောနယ်က ပြည်သူလူထုတွေ စားနပ်ရိက္ခာရှားပါးမှုကို အခွင့်ကောင်းယူပြီး အကြမ်းဖက်စစ်ကောင်စီနဲ့ပူးပေါင်းကာ ကုန်ပစ္စည်းတွေကို ဈေးတင်ရောင်းချနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကိုလည်း ထိရောက်စွာအရေးယူသွားမှာဖြစ်ကြောင်း ယော-ကျောက်ထု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးချက်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။