Home
မြန်မာသတင်း
လွိုင်ကော်ရဲစခန်းတွင် ထိန်းသိမ်းခံထားရသည့် လူငယ် ၁ ဦး သေနတ်ပစ်ခံရပြီး သေဆုံး
DVB
·
November 22, 2021

ကယားပြည်နယ်၊ လွိုင်ကော်မြို့ ရဲစခန်းမှာ  ထိန်းသိမ်းခံထားရတဲ့  အသက် ၁၇ နှစ်အရွယ် လူငယ်တယောက် သေနတ်နဲ့ပစ်ခံရပြီး  သေဆုံးသွားတယ်လို့  ကရင်နီပြည်သူ့အင်အားစု PKPFတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် ဧပြီလ ၃၀ ရက်က ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်ထဲမှာ လူငယ်စွမ်းဆောင်ရည်မြှင့်သင်တန်းကနေ ပြန်လာတဲ့ လူငယ် ၇၄ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။

သူတို့တွေကို ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုထားပြီး လွိုင်ကော်ထောင်မှာ ထိန်းသိမ်းထားပါတယ်။ အဲဒီထဲက အဂျော့ လို့ခေါ်တဲ့ လူငယ်ဟာ အသက် ၁၇ နှစ်သာ ရှိသေးတဲ့အတွက် သူ့ကို ရဲစခန်းအချုပ်မှာပဲ ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

ထိန်းသိမ်းခံနေရစဉ် ရဲစခန်းမှာ သူ့ကို စာရင်းဇယားတွေ လုပ်ခိုင်းတာတွေရှိပြီး ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ရဲနဲ့ စစ်တပ် အချင်းများပြီး ပစ်ခတ်မှုဖြစ်ရာကနေ သူ့ကို သေနတ်ထိမှန်သေဆုံးတာလို့ ကြားသိရကြောင်း PKPF ပြောခွင့်ရသူက ပြောပါတယ်။

“သူက အရမ်းလိမ္မာတယ်ပြောတယ်။ နောက်ပြီး စာရင်းဇယားလည်း နည်းနည်းလုပ်တတ်တော့ ရဲစခန်းမှာ သူ့ကို အချုပ်ထဲမှာ မထားဘဲ သူ့ကို အပြင်မှာ ထားပေးတယ်ပြောတယ်။ ရဲဝန်ထမ်းတွေ အိပ်တဲ့ တန်းလျားမှာ ထားပေးတယ်ပြောတယ်။ ရဲစခန်းရဲ့ ရုံးစာရင်းဇယားတွေကို လုပ်ကူခိုင်းတယ်လို့ပြောတယ်။ တရက်တော့ ရဲနဲ့ စစ်သားနဲ့ အချင်းချင်းရန်ဖြစ်ကြရင်းနဲ့ စစ်တပ်တွေက ရမ်းသန်း ပစ်ခတ်ရင်း သူ့ကို ထိမှန်ပြီးသေတယ်လို့လည်း ပြောတယ်။ နောက်တခုက သူက ထမင်းစားဇွန်း ခက်ရင်းနဲ့  စစ်တပ်အရာရှိရဲ့နောက်ကျောကို ထိုးလိုက်လို့ စစ်တပ်က ပစ်သတ်လိုက်တယ် အဲလိုတော့ ပြောတယ်။ ဒါပေမဲ့ နှစ်ခုစလုံးက မသေချာသေးဘူး။ မနက်ဖြန်ရုံးချိန်းရှိတယ်။ သူ့ရုံးချိန်းမှာ အတိအကျ သိရမယ်လို့ ကျနော်ထင်တယ်။”

သေဆုံးသွားတဲ့ အဂျော့ဟာ လွိုင်ကော်မြို့ နာနာတ်တောရပ်ကွက်မှာ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။ 

လူငယ်စွမ်းဆောင်ရည်မြှင့်သင်တန်း တက်ရောက်ခဲ့ကြတဲ့ လူငယ် အယောက် ၇၀ ဟာ  ဖမ်းဆီးခံနေရတာ အချိန် ၇ လလောက်ရှိနေပြီဖြစ်ပေမဲ့ အခုအချိန်အထိ အမှုအမိန့်မချသေးသလို ပြန်လည်းမလွှတ်ပေးသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024